သူမဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
Mi Thawdar Aung

သံဇကာခြံစည်းရိုးနဲ့ ကာရံထားတဲ့ ကျူးကျော်အိမ်လေး တစ်လုံးထဲက နံရံပေါ်မှာ စကိတ် ဂုဏ်ဆောင်ဆုရ ဓာတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ ထူးခြားတာက အဲဒီဓာတ်ပုံတွေမှာ အသက်ငယ်ငယ် မိန်းကလေးတယောက် စကိတ်စီးနေတဲ့ပုံ ဖြစ် နေတာပါပဲ။ သူကတော့ အသက် ၈ နှစ် အရွယ်ပဲ ရှိသေးတဲ့ မိန်းကလေးငယ်လေး မေခွန်အား ပါ။

မေခွန်အားတို့ မိသားစုနေထိုင်ရာ အိမ်။

ရန်ကုန်မြို့လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်အိမ်တစ်လုံးမှာ နေထိုင်ပြီး လူသူသိပ်မသိကြသေးတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား တစ်ဦးဖြစ်ပါတယ်။

အဲဒီ ကျူးကျော်အိမ်လေးထဲမှာ သူမရဲ့ မိဘနှစ်ပါး၊ အစ်ကို တစ်ယောက်၊ ညီမလေး တစ်ယောက်နဲ့ အတူတူ နေထိုင်ပါတယ်။

မေခွန်အားဟာ အစ်ကိုဖြစ်သူ မောင်အင်အားနဲ့ စကိတ်အတူတူ လိုက်စီးရင်းကနေ စကိတ်ဝါသနာပါခဲ့တာ ဖြစ်ပြီး ဖခင်ဖြစ်သူက သူမ အသက် ၅ နှစ် အရွယ်ရောက်တဲ့ အချိန်မှာ စကိတ်စီးနည်းကို စတင် သင်ပေးခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံး ဆိုင်ရာ စကိတ်ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံမှာ လာမယ့် နိုဝင်ဘာလမှာ စတင်ကျင်းပမယ့် ဆီးဂိမ်းစ်မှာ အသက်အငယ်ဆုံး စကိတ်ကစားသမား တစ်ဦး အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း ရွေးချယ်ခံထားရပါတယ်။

သမီးငယ်ရဲ့ အိပ်မက်ကို နောက်ကွယ်က ပံ့ပိုးပေးနေသူ

“မိန်းကလေး ဆိုတော့ နုနုရွရွလေးပဲ ဆော့စေချင်တာပေါ့။ ဒါပေမယ့် သူက သူ့အစ်ကို အတိုင်းပဲ ဆော့ချင်တယ်။ အင်အားကိုပဲ စကိတ် အတွက် တစိုက်မတ်မတ် လုပ်နေတော့ မေခွန်အား ဝါသနာပါတာကို သတိမထားမိခဲ့ဘူး” လို့ မေခွန်အားရဲ့ ဖခင်ဖြစ်သူ ဦးဇော်ဝင်းနိုင်က ဆိုပါတယ်။

မေခွန်အားကို ဖခင်ဖြစ်သူနဲ့ အတူတွေ့ရစဉ်။

 “သမီးက အသက်ငယ်ဆုံး စကိတ်အားကစားသမား တစ်ဦးအနေနဲ့ ဆီးဂိမ်းစ်မှာ ဝင်ပြိုင်ရမှာ ဖြစ်လို့ တရုတ်နိုင်ငံကိုလည်း သွားလေ့ကျင့်ပြီး ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပါတယ်။ သမီး အဓိက စီးတာက အင်လိုင်း စကိတ်၊ ဘုတ်စကိတ်တွေပါ။ ခုံးဆင်းပေါ်က ဆင်းတာတွေ၊ ခုန်တာတွေကို လေ့ကျင့်နေပါတယ်” လို့ မေခွန်အားက ဆိုပါတယ်။

သူမနေထိုင်ရာ ကျူးကျော်ရပ်ကွက်ဟာ စကိတ်ကွင်းတွေ၊ အားကစားကွင်းတွေနဲ့ အလှမ်းဝေးတဲ့ အခက်အခဲ ရှိပါတယ်။ ဒီအခက်အခဲကို အဆင်ပြေစေဖို့ သူမရဲ့ဖခင်က အိမ်ရှေ့မှာပဲ စကိတ်စီးလေ့ကျင့်ဖို့ နေရာတစ်ခု ဖန်တီးပေးထားပါတယ်။

စကိတ်အားကစားသမားလေး မေခွန်အား။

အသက် ၈ နှစ်အရွယ် မေခွန်အား ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် တရုတ်နိုင်ငံမှာ သွားရောက် လေ့ကျင့်မှုတွေ လုပ်နိုင်ဖို့ မြန်မာနိုင်ငံစကိတ်အသင်းကနေ ပံ့ပိုး ကူညီပေးနေပါတယ်။

သူမရဲ့ အစ်ကိုဖြစ်သူ မောင်အင်အားကလည်း စကိတ်စီးနင်းသူတစ်ဦးဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်သာရှိသေးပေမယ့် နိုင်ငံတကာ စကိတ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အတွေ့အကြုံတွေ ရရှိထားပြီးပါပြီ။

မေခွန်အားတို့ မောင်နှစ်မ ။

ဆီးဂိမ်းစ်နှင့် စကိတ်အားကစားနည်း အခွင့်အရေး

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ စကိတ် အားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပပေးမှာ ဖြစ်ပါတယ်။

စကိတ်အားကစားနည်း ၄ မျိုးဖြစ်တဲ့ Street၊Park၊ Game Of Skate၊Downhill စတဲ့ ကစားနည်းတွေကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး  မြန်မာနိုင်ငံကတော့ Street၊ Park၊ Game Of Skate၊ (၃)မျိုးကိုသာ ကစားသမား (၅)ဦးနဲ့ ဝင်ပြိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စကိတ်အားကစားနည်းကို ဝင်ပြိုင်ဖို့ အဖွဲ့ချုပ်ဖွဲ့စည်းရခြင်း မရှိသေးပဲ မြန်မာနိုင်ငံ စကိတ် စီးအားကစားဝါသနာရှင်များအသင်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး ဒီနှစ် ဆီးဂိမ်းစ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လှည်းတန်း ဂုံးတံတားအောက်မှ နိုင်ငံ့လက်ရွေးစင်အဖြစ်သို့

မေခွန်အားရဲ့ စကိတ်သမားဘဝဟာ အကိုဖြစ်သူနဲ့ အတူ ရန်ကုန်မြို့ လှည်းတန်းဂုံးကျော်တံတားအောက်က စကိတ်ကွင်းကို သွားရောက်ရာကနေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

 “လှည်းတန်းက စကိတ်ကွင်းတွေမှာ မြန်မာနိုင်ငံ စကိတ်စီး အားကစားအသင်းက ပစ္စည်းတွေ၊ နေရာတွေကို ထောက်ပံ့ ပေးထားတော့ အဆင်ပြေလာတယ်။ ဒါပေမယ့် နိုင်ငံတကာလိုမျိုး အဆင့်မြင့်တဲ့ အားကစားကွင်းတွေ ရှိရင် စကိတ် အား ကစားရှင်တွေလည်း အများကြီး တိုးတက်လာမှာပါ” လို့ မေခွန်အားရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာတော့ စကိတ် အားကစားနည်းအတွက် လေ့ကျင့်နိုင်တဲ့ကွင်းတွေ နည်းပါးနေပါသေးတယ်။ အခုနောက်ပိုင်းမှာ ဂုံးကျော်တံတားတွေ တည်ဆောက်ပြီးနောက် စကိတ်စီးစရာနေရာလေးတွေ ဖန်တီး ရရှိလာရာကနေ စကိတ်စီးခြင်းဟာ လူငယ်တွေကြားမှာ ပိုမိုရေပန်းစား ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် စကိတ်စီး လေကျင့်ရေးကွင်းများ နည်းပါးခြင်း၊ စကိတ်စီး ဆက်စပ် ပစ္စည်းတွေရဲ့ တန်ဖိုးကြီးမားခြင်း စတာတွေကြောင့် လက်လှမ်းမှီတဲ့သူ နည်းပါးနေပါသေးတယ်။

ကျူးကျော်နေရာ တစ်ခုမှာ နေထိုင်တဲ့ မိန်းကလေးငယ်တစ်ဦးကတော့ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ နိုင်ငံ့ဂုဏ်ကို တောင် စွမ်းဆောင်နိုင်ဖို့ကြိုးစားနေတာပါ။

“သမီး ကြီးလာရင်တော့ စကိတ်ဆရာမ ဖြစ်ချင်တယ်။ စကိတ်မစီးတတ်တဲ့သူတွေကို သင်ပေးချင်လို့” လို့ မေခွန်အားက သူမရဲ့ ရည်မှန်းချက်ကို ခွန်အားအပြည့်နဲ့ ပြောပါတယ်။


က္က