ဆုမဲပေါင်း(၂၂၂၄)ဆုတိုးပြီး ချီးမြှင့်သွားမှာပါ။

(၉)ကြိမ်မြောက်ထီဖွင့်ပွဲမှာတော့ တစ်နှစ်ပြည့်လို့လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဘဏ္ဍာသိမ်းငွေထဲကမှာ ဝေဝေဆာဆာဆုမဲ (၂၂၂၄)ဆုအတွက်ကို ကျပ်သန်း(၂၅၀)တိုးပြီးချီးမြှင့်သွားမှာပါ။ 

၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိမယ့် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီဆုရဲ့ (၉)ကြိမ်မြောက်ထီဖွင့်ပွဲမှာတော့ ဝေဝေဆာဆာဆုမဲတွေအတွက် ကျပ်သန်း(၂၅၀)ကို ထပ်မံတိုးပြီး ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ဒီကနေ့ အောက်တိုဘာလ (၂၈)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျပ်သန်း(၂၅၀)ကိုတော့ ဝေဝေဆာဆာဆုမဲပေါင်း (၂၂၂၄)ဆုတိုးပြီးချီးမြှင့်ပေးအပ်သွားမှာပါ။

“ အခုတိုးမြှင့်ပေးလိုက်တဲ့ ဆုကြေးငွေတွေက ဘဏ္ဍာသိမ်းငွေတွေကို ပြန်ပြီး ဆုချီးမြှင့်တာ။ ဘဏ္ဍာသိမ်းငွေဆိုတာ ထီဖွင့်ပြီး တစ်နှစ်ပြည့်လို့ လာရောက်ထုတ်မယူတဲ့ ဆုကြေးငွေတွေပေါ့။ အမတို့က တစ်နှစ်ပြည့်ခါနီးတစ်လအလိုမှာ သတင်းစာတွေထဲမှာလည်းကြေညာတယ်။ ထီဆုတွေလာရောက်ထုတ်ယူဖို့အတွက်။ အဲ့ဒီချိန်မှာ တချို့ကလည်း ထီပြန်တိုက်ပြီး ပေါက်လို့ချင်ရင်လာရောက်ထုတ်ယူကြတယ်။ တချို့ကလည်းမထုတ်ယူကြဘူး။ အခုအဲ့လိုလာမထုတ်တဲ့ဆုကြေးငွေတွေကို ပြန်ပြီးတော့ ဆုတွေထပ်မံချီးမြှင့်တာပါ” လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကိုပြောပါတယ်။

နိုဝင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိမယ့်ထီဖွင့်ပွဲမှာတော့ ထပ်မံတိုးမြှင့်တဲ့ ဆုကြေးငွေတွေအဖြစ် ကျပ်(၁၀)သိန်းဆု (၄)ဆု၊ ကျပ်(၃)သိန်းဆု (၂၀)ဆု ၊ ကျပ်(၂)သိန်းဆု (၂၀၀)ဆုနဲ့ ကျပ်(၁)သိန်းဆု (၂၀၀၀)ဆု စုစုပေါင်း (၂၂၂၄)ဆုကို ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း(၂၅၀)ကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

(၉)ကြိမ်မြောက်ထွက်ရှိမယ့် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ “ကဃ” ထိ အက္ခရာ စုစုပေါင်း (၃၇)လုံးကို ထီလက်မှတ်အစောင်ရေ

 (၃၃, ၂၉၉,၉၂၆) ကိုထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ လက်ကျန်ထီလက်မှတ်မကျန်ရှိအောင် ထီလက်မှတ်အားလုံးကိုရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။



က္က