ဒုတိယအကြိမ်မြောက် ထပ်မံတိုးမြှင့်ခြင်းဖြစ်ပါတယ်။
Mi Thawdar Aung

မေလ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို မေလ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီက အသိပေးကြေညာလိုက်ပါတယ်။

ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ကိုဗစ်၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တာကြောင့် အခုလို တိုးမြှင့်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် မေလ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ပြည်သူသို့ ပန်ကြားချက်၊အမိန့် ကြော်ငြာစာ၊ ညွန်ကြားချက်အားလုံးကို မေလ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ကြောင်း အသိပေးလိုက်တာဖြစ်ပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနကဖြစ်စေ၊ ပြည်ထောင်စု ကိုဗစ်ကော်မတီက မေလ ၁၅ ရက်အထိ သတ်မှတ်ထားတဲ့ ထုတ်ပြန်ကြေညာထားတဲ့ အမိန့်၊ လမ်းညွန်ချက်များအားလုံးဟာ မေလ ၃၁ ရက်အထိ ဆက်ပြီးတော့ အကျုံးဝင်နေမယ်ဆိုတာ အတည်ပြုပါတယ်” လို့ ရန်ကုန်တိုင်း လူဝင်မှုနဲ့ လူစွမ်းအား ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။

အဆိုပါ တိုးမြှင့်သတ်မှတ်ချက်တွေမှာ လူစုလူဝေးနဲ့ ပြုလုပ်ရတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းဘသင်တွေ မပြုလုပ်ရေး၊ ရုပ်ရှင်ရုံတွေ၊ စာသင်ကျောင်းတွေ မဖွင့်လှစ်ရေး၊့ပြည်ပလေကြောင်းလိုင်းတွေ ယာယီရပ်နားထားရေးစတဲ့ ကန့်သတ်ချက်တွေ ပါဝင်တာလည်းဖြစ်ပါတယ်။ ပထမတစ်ကြိမ်မှာတော့ ယင်းကန့်သတ်ချက်တွေကို ဧပြီလ ၃၀ ရက်အထိ ပြုလုပ်ထားပြီးတဲ့နောက် မေလ ၁၅ ရက်ထိ ထပ်တိုးခဲ့ကာ ဒီကနေ့မှာတော့ မေလ ၃၁ ရက်နေ့အထိ ဒုတိယအကြိမ်မြောက် ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ ထုတ်ပြန်ထားတဲ့ အမိန့်တွေကိုတော့ ည ၁၂ နာရီ ကနေ မနက် ၄ နာရီအထိ ပြန်လည်ဖြေလျှော့ပေးလိုက်တယ်လို့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ကိုဗစ်ကော်မတီတွေက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က