လူစုလူဝေးနဲ့ပြုလုပ်ရတဲ့ပွဲလမ်းသဘင်တွေ၊ ရုပ်ရုပ်ရုံတွေ၊ ပြည်ပလေကြောင်းလိုင်းတွေစတာတွေကို ကန့်သတ်ချက် တိုးမြှင့်ထားတာပါ။
Mi Thawdar Aung

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဇွန်လ(၁၅)ရက်နေ့အထိ ထုတ်ပြန်ထားတဲ့အမိန့် ညွန်ကြားချက်တွေကို ဇွန်လ(၃၀)ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။

ရောဂါပိုးကူးစက်ပျံ့နှံမှုကိုဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖိုလိုအပ်တာကြောင့် ဖြေလျှော့ပေးတဲ့ကိစ္စရပ်တွေက လွဲပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ပြည်သူ့သို့ပန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်တွေကို ထပ်မံတိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားတယ်လို့ အသိပေးကြေညာထားတာပါ။

ဒီကန့်သတ်ချက်တွေကို ပထမအကြိမ် အဖြစ်ဧပြီလ ၃၀ ရက်ကနေ မေလ ၁၅ ရက်အထိ၊ ဒုတိယအကြိမ် မေလ ၃၁ ရက်အထိ တတိယအကြိမ် အဖြစ် ဇွန်လ ၁၅ ရက်နေ့ အထိ တိုးမြှင့်ထားခဲ့ပြီး အခု လေးကြိမ်မြောက်အဖြစ် ဇွန်လ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လာတာလည်းဖြစ်ပါတယ်။

အဆိုပါ တိုးမြှင့်သတ်မှတ်ချက်တွေမှာ လူစုလူဝေးနဲ့ပြုလုပ်ရတဲ့ ပွဲလမ်းဘသင်၊ အခမ်းအနားတွေ ကျင်းပခွင့်မရသေးတာ၊ လူစည်ကားနိုင်တဲ့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်မရသေးတာ၊ ပြည်ပလေကြောင်းလိုင်းတွေ ရပ်နားထားတာ၊ ပြည်ဝင်ခွင့်ဗီဇာတွေ ယာယီရပ်နားထားတာ စတဲ့ ကန့်သတ်ချက်တွေ ပါဝင်နေတာဖြစ်ပါတယ်။

“ သက်တမ်းတိုးတာကိုတော့ ပြည်သူတစ်ယောက်အနေနဲ့လက်ခံပါတယ်။ အခုသက်တမ်းတိုးလိုက်တဲ့အထဲမှာလည်း လေကြောင်းလိုင်းပိတ်တာ၊ ပွဲလမ်းဘသင်တွေပိတ်တာတို့ ပါမယ်ထင်ပါတယ်။ ဒါတွေက ကိုဗစ်ထိန်းချုပ်ရေးအတွက် အဓိကကျတဲ့ အတွက် ထပ်တိုးတာမှန်ကန်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အစိုးရရဲ့ တချို့သောဖြေလျော့မှုတွေကြောင့် လက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်တွေ ၊ ဘားတွေ ပြန်ဖွင့်လာကြတာ တွေ့ရပါတယ်။ လူတွေ လမ်းမပေါ်မှာကိုဗစ်ကာလမတိုင်မီ အနေအထားလို ပြန်သွားလာနေကြတာလည်း တွေ့ရပါတယ်။ စီးပွားရေးကြောင့် မဖြစ်မနေ သွားလာလှုပ်ရှားနေကြရတာ နားလည်ပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း အမြဲတမ်း မပေါ့မဆ ပြုလုပ်ပေးကြဖို့ ပြည်သူအချင်းချင်း အကြံပြုချင်ပါတယ်။ တစ်ဖက်မှာလည်း ဒီဖြေလျော့မှုတွေမှာ စည်းကမ်းနဲ့အညီ လုပ်နေလား ၊ မလုပ်နေလားကို ကျန်းမာရေးဝန်ကြီးဌာနက ဖြစ်ဖြစ် ၊ ကိုဗစ်ထိန်းချုပ်ရေးကော်မတီတွေက ဖြစ်ဖြစ် သေသေချာချာ စစ်ဆေးကြပ်မတ်အရေးယူသင့်တယ်လို့ ယူဆပါတယ်။ ခု အပြင်ထွက်လိုက်တိုင်း လူစုလူဝေးနဲ့ သွားလာနေကြတာတွေ ၊ ပြည်တွင်းကေ့စ်တွေနည်းသွားတာကို ကိုဗစ်ကင်းသွားသလိုပုံစံနဲ့ မက်စ်မတပ် ၊ ပူးကပ်နေကြတာမျိုးတွေကို တွေ့ရင် တကယ့်ကို စိတ်မသက်သာပါဘူး။ ထိုင်ဝမ်တို့ ၊ နယူးဇီလန်တို့လိုမျိုး ကိုဗစ်ကို တိုက်ဖျက်ဖို့က ပြည်သူတွေရော ၊ စီးပွားရေးလုပ်ငန်းတွေ ၊ အဖွဲ့အစည်းတွေ ၊ အာဏာပိုင်တွေ အားလုံး ပူးပေါင်းဆောင်ရွက်မှရမှာ ဖြစ်တယ်လို့ ပြောလိုပါတယ်" လို့လမ်းမတော်မြို့နယ်မှာနေထိုင်သူ ကိုခန့်ဟိန်းသူက သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

သင်္ကြန်ပိတ်ရက်ကာလပြီးနောက် ဧပြီ ၂၁ ရက်မှာ ရန်ကုန်မြို့မှာ ပြန်လည်လှုပ်ရှားသွားလာကြသူများကိုတွေ့ရစဉ်။

ဒီလိုကန့်သတ်ချက်တွေကို တိုးမြှင့်ထားခဲ့ပေမယ့် အချို့ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ရာမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၈ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ကလေးမြို့နယ်တို့ကိုတော့ Stay at Home အစီအစဉ်ကနေ ဖျက်သိမ်းခဲ့ပြီး လူငါးဦးနဲ့အထက်ပိုစုနိုင်တဲ့ ကိစ္စရပ်တစ်ချို့ကို ခွင့်ပြုပေးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ ဆန်းပိုင်းကတည်းက ဖြေလျှော့ပေးခဲ့ပါတယ်။

ဒ့ါအပြင်ကို ဇွန်လဆန်းပိုင်းလောက်ကစပြီး အဝေးပြေးယာဉ်လိုင်းတွေ၊ စားသောက်ဆိုင်တွေကို ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီး လာမယ့် ဇူလိုင်လမှာဆိုရင်လည်း အခြေခံပညာကျောင်းတွေကို ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်နဲ့ အညီ ပြန်လည်ဖွင့်လှစ်သွားတော့မှာလည်းဖြစ်ပါတယ်။

လူငါးဦးနဲ့အထက်ပိုစုနိုင်တယ်လို့ခွင့်ပြုပေးထားတဲ့ကိစ္စတွေကတော့ အစိုးရဌာန၊အဖွဲ့အစည်း၊ကုမ္ပဏီ၊စက်ရုံ၊အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ခြင်း၊ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေ၊ အစိုးရဌာနအဖွဲ့အစည်း၊ စက်ရုံ၊အလုပ်ရုံ၊ ကုမ္ပဏီတွေမှာ ဆောင်ရွက်ရမယ့် အစည်းအဝေး၊ဆွေးနွေးပွဲ၊ သင်တန်းတွေကို ကျန်းမာရေးညွန်ကြားချက်နဲ့ အညီ ဖွင့်လှစ်ခြင်း၊ ကျန်းမာရေးနဲ့အညီ ဖွင့်ခွင့်ပြုထားတဲ့စားသောက်ဆိုင်တွေမှာစားသောက်ခြင်းနဲ့ မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းတွေ၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အများပြည်သူအတွက် လိုအပ်တဲ့လုပ်ငန်းတွေမျာ အလုပ်လုပ်ကိုင်ခြင်း စတဲ့ ကိစ္စရပ်တွေကို ခွင့်ပြုပေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့တာပါ။


က္က