လာမယ့်ဇူလိုင် ၂၁ ရက်မှာ အခြေခံပညာကျောင်းပေါင်း ၆၀၀၀ ကျော်ဖွင့်လှစ်မှာပါ။

အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အဖျားတိုင်းစက်၊ ကျောင်းသားတွေအတွက် နှာခေါင်းစည်း (Mask ) နဲ့ Face Shield တွေ ပေးဝေနိုင်ဖို့ ကျပ် ၇ ဒဿမ ၈ ဘီလီယံ သုံးစွဲဝယ်ယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းတွေကို ဒစ်ဂျစ်တယ် အပူချိန်တိုင်းစက် ၇ သောင်းခွဲ၊ ကျောင်းသားတွေအတွက် နှာခေါင်းစည်း (Mask) ၂၁ သန်းနဲ့ Face Shield ၁၀ သန်းခွဲ ပေးဝေသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ဒုညွန်ချုပ် ဒေါက်တာတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။



“ ရောဂါကာကွယ်ရေးပစ္စည်းတွေကို ဝယ်ယူဖို့ ပညာရေးဝန်ကြီးဌာနက တင်ဒါစနစ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ကမ်းလှမ်းခဲ့တာပါ။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ကုမ္ပဏီဆီကနေ ရွေးချယ်ဝယ်ယူပြီး မကြာခင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ပညာရေးမှူးတွေကို ဖြန့်ဝေဖို့ လုပ်နေပြီ။ တစ်နိုင်ငံလုံးက ကျောင်းတွေအကုန်လုံးဆီကို ရောက်မှာပါ။ “ လို့ ဒေါက်တာတင်မောင်ဝင်းကဆိုပါတယ်။

ဇူလိုင် ၂၁ ရက်မှာ ဖွင့်လှစ်မယ့် အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဒစ်ဂျစ်တယ် အပူချိန်တိုင်းစက်တွေကို ကျောင်းသားကျောင်းသူ ဦးရေ ၁၀၀ အောက် ရှိတဲ့ကျောင်းကို ၁ ခု၊ ၅၀၀ အောက်ရှိတဲ့ ကျောင်းကို ၂ ခုနဲ့ ၁၀၀၀ အောက်ရှိတဲ့ကျောင်းဆို ၃ခု စသဖြင့် ကျောင်းသားဦးရေအပေါ်မူတည်ပြီပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားကျောင်းသူတွေကို ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင် လေးချောင်း၊ နှာခေါင်းစည်း နှစ်ခုစီနဲ့ Face Shield တစ်ခုစီကို ကျောင်းအပ်နှံရမယ့် ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အတွင်း ပေးသွားမယ်လို့ သိရပါတယ်။

ပြန်ဖွင့်မယ့် အထက်တန်းအဆင့်ကျောင်းတွေကို ကျောင်းတက်တဲအခါ လူစုလူဝေးမဖြစ်အောင် တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြား တက်ရမယ့်ကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြား နဲ့ နှစ်သုတ်တက်ရမယ့် ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဆိုပြီး ကျောင်းပေါင်း ၆၀၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က