ပေးပို့လာမယ့် ငွေကြေးထဲကနေ အကျဉ်းသူ/အကျဉ်းသားတွေ မှာယူလိုတဲ့ပစ္စည်းတွေကို ဝယ်ယူပေးမှာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသူ/အကျဉ်းသားတွေကို မိသားစုဝင်တွေအနေနဲ့ ငွေကြေးထောက်ပံ့လိုပါက ငွေကျပ် တစ်သိန်းအထိထောက်ပံ့နိုင်တယ်လို့ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာပါ ရာဂါကူးစက်ပျံ့နှံ့နေတာကြောင့် တချို့သော မြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာ စတဲ့ နေရာတွေမှာ Lock Down တွေချထားတာတွေရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အကျဉ်းထောင်ကို ကိုယ်တိုင်မလာရောက်နိုင်တဲ့ မိသားစုဝင်တွေအတွက် ယခုလို စီစဉ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ "ငွေပို့တဲ့အခါ တစ်လကို ငွေတစ်သိန်းထက်ပိုပြီး ပို့လို့မရဘူး။ အကျဉ်းထောင်ကိုပေးပို့လိုက်လို့ ရောက်ရှိလာတဲ့ ငွေကြေးတွေကိုအကျဉ်းသားအပ်ငွေစာရင်းမှာစနစ်တကျထည့်သွင်းအပ်နှံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ငွေပို့တဲ့အခါWave Moneyနဲ့ ပေးပို့ခြင်းကို လုံးဝ လက်ခံဆောင်ရွက်ပေးမှာမဟုတ်ပါဘူး။စာတိုက်ကနေပဲ ပို့ရမှာဖြစ်ပါတယ်။ "လို့ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပေးပို့လာမယ့် ငွေကြေးထဲကနေ တစ်ပတ်မှာ တစ်ကြိမ် (တနင်္ဂနွေနေ့)တိုင်း အကျဉ်းသူ/အကျဉ်းသားတွေ မှာယူလိုတဲ့ပစ္စည်းတွေကိုအကျဉ်းသားဈေးဝယ်အဖွဲ့ ကနေဝယ်ယူပေးမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် အင်းစိန် အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေသူ(သို့) အမှုရင်ဆိုင်နေတဲ့ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အကျဉ်းထောင်ကိုလိပ်မူပြီး ငွေကြေးပါဆယ်ပေးပို့နိုင်တယ်လို့ သိရပါတယ်။ 



"အကျဉ်းကျနေတဲ့ သူတွေအတွက်ရော၊ မိသားစုဝင်အတွက်ရောခုလိုစီစဉ်ပေးတာတော့ကောင်းပါတယ်။ ခုက Lock Down ကျတာတွေရှိတော့ သူတိုပြောသလိုပဲသွားရလာရတာသိပ်အဆင်မပြေဘူး။ စာတိုက်ကနေ ပို့တာထက် တခြားမြန်ဆန်မယ့် အွန်လိုင်းဝန်ဆောင်မှုတစ်ခုခုဆိုရင်ပိုအဆင်ပြေမယ်ထင်ပါတယ်။" လို့ အကျဉ်းကျသူတစ်ဦး ရဲ့ မိသားဝင်တစ်ဦးဖြစ်သူ ဒေါ်နုမြတ်ကပြောပါတယ်။

ငွေကြေးပေးပို့မယ်ဆိုရင်တာဝန်ခံအရာရှိအင်းစိန်စာတိုက်၊ အင်းစိန်ဗဟိုအကျဉ်းထောင် ၊ အင်းစိန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးလိပ်မူပြီး ပေးပို့စေလို့တဲ့ အကျဉ်းသား/သူဒါမှမဟုတ်အချုပ်သား/သူထောင်ဝင်အမှတ် ၊ အမည်၊ အဘအမည်၊အိပ်ဆောင်/အခန်း၊ ပုဒ်မ၊ ပြစ်ဒဏ် (သို့မဟုတ်) အချုပ်ဖော်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပေးပို့သူရဲ့  အမည် ၊ နေရပ်လိပ်စာ ၊ မှတ်ပုံတင်အမှတ် ထည့်သွင်းဖော်ပြပြီး သက်ဆိုင်ရာ မြို့နယ်စာတိုက်တွေကနေ တရားဝင်ပေးပို့ ရမှာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က