ပြည်တွင်းရိက္ခာအတွက် အရန်ဆန်တန်ချိန် ၄သောင်းကျော်ကိုလည်းသိုလှောင်ထားတယ်လို့သိရပါတယ်။
Ye Yint Htay

ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားနေစဉ်ကာလအတွင်း ပြည်ပနိုင်ငံတွေရဲ့စားနပ်ရိက္ခာအတွက် ဆန်စပါးတန်ချိန်ပေါင်း ၂သိန်းကျော်ကိုရောင်းချပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ 

Photo: မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ ကိုဗစ်-၁၉ရောဂါဂယက်ကြောင့် အခက်အခဲတွေရင်ဆိုင်ခဲ့ရပေမယ့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ လျော့ကျမသွားအောင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေပူးပေါင်းဖြေရှင်းနိုင်ခဲ့လို့ ပြည်တွင်းစားနပ်ရိက္ခာလုံလောက်အောင် ဆောင်ရွက်နိုင်ခဲ့သလို ပြည်ပပို့ကုန်ကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ပြုလုပ်ခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍအွန်လိုင်းဆွေးနွေးပွဲမှာတင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်နဲ့စီးပွားကူးသန်းဝန်ကြီးဌာနတို့ပူးပေါင်းပြီး မေလ ၁ရက်နေ့ကနေ ဇွန်လ ၁၅ရက်အထိ ပြည်ပနိုင်ငံတွေကိုရောင်းချမှုအခြေအနေကို ဦးရဲမင်းအောင်က တင်ပြခဲ့တာပါ။ 


"ကိုဗစ်ကာလမှာ အရန်ဆန်ရောင်းချမှုအတွက်အခက်အခဲ အချို့ရှိပါတယ်။ ဒီအခက်အခဲကို စီးပွားကူးသန်းဝန်ကြီးဌာန၊ ဆန်စပါးအသင်းချုပ်နဲ့ဆန်စပါးလုပ်ငန်းရှင်တွေပူးပေါင်းပြီး တဆင့်ပြီးတဆင့်ကျော်လွှားပြီးတဲ့အခါမှာ နိုင်ငံတော်ရဲ့အရန်ရိက္ခာဆန်လည်းတန်ချိန်လေးသောင်းကျော်သိုလှောင်ထားနိုင်ခဲ့ပါတယ်။ ပြည်ပတင်ပို့တဲ့လုပ်ငန်းစဉ်ကိုလည်းတန်ချိန် ၂သိန်းကျော်.. မေလ၁ရက်ကနေ ဇွန်လ ၁၅ရက်အထိ ပုံမှန်ထက်ပိုတင်ပို့ရောင်းချနိုင်ပြီးတော့ အမေရိကန်ဒေါ်လာသန်း၁၀၀လောက် ကျွန်တော်တို့ ဝင်ငွေရရှိခဲ့ပါတယ်။"လို့ ဦးရဲမင်းအောင်က ယနေ့မနက်မှာလုပ်ခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။ 

Photo: မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်

ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်တဲ့တန်ချိန် ပမာဏက ဝယ်လိုအားမြင့်မားခဲ့တဲ့အတွက် ပုံမှန်ထက်ပိုတဲ့ ပမာဏဖြစ်တယ်လို့လည်း ဦးရဲမင်းအောင်ကဆိုပါတယ်။ ကိုဗစ်ကာလအတွင်းမှာမြန်မာနိုင်ငံက ဆန်စပါးကို ရောင်းချပေးဖို့အတွက် တရုတ်၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက သံတမန်နည်းလမ်းနဲ့ဆက်သွယ်တောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။ မြန်မာ့ဆန်စပါးအသင်းချုပ်နဲ့ ဆန်လုပ်ငန်းရှင်တွေအနေနဲ့ ဧပြီလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ရိက္ခာထောက်ပံ့မှုအစီအစဉ်မှာလည်း ဆန်တန်ချိန် ၇သောင်းကျော် ပံ့ပိုးနိုင်ခဲ့တယ်လို့ ဦးရဲမင်းအောင်က ဆက်လက်ပြောကြားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၃ရက်ကစတင်ပြီး ပြည်သူတွေအနေနဲ့ ရိက္ခာဝယ်ယူစုဆောင်းမှုအချို့ပြုလုပ်ခဲ့ပေမယ့်လည်း အစိုးရအနေနဲ့ ဆန်ဈေးသိသိသာသာတိုးမြင့်လာခြင်းမရှိအောင် ထိန်းထားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 


Author


က္က