စိတ်ကျန်းမာရေးစောင့်ရှောက်မှု ဌာနဖွင့်လှစ်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

COVID-19 ကာလအတွင်း ရန်ကုန်တိုင်းက ပြည်သူတွေအကြား စိုးရိမ်စိတ်ဖိစီးမှု၊ စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဆန်းစစ်သုတေသနပြုလုပ်မှာဖြစ်ပြီး လှိုင်သာယာ၊ အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်တို့က ပြည်သူတွေကို ထည့်သွင်းဆန်းစစ်စေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်ကပြုလုပ်တဲ့ COVID-19 ကာလအတွင်း စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်၊ စိတ်ကျရောဂါနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဆန်းစစ်မှုသုတေသနပြုလုပ်မည့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးရာမှာ ပြောခဲ့တာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးအခြေအနေကို စစ်တမ်းကောက်ယူရာမှာ လှိုင်သာယာမြို့နယ်က စက်ရုံ၊ အလုပ်ရုံက ဝန်ထမ်းတွေ နဲ့ အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်တို့က ပြည်သူတွေကို ထည့်သွင်းစေလိုတယ်လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။



COVID-19 ကာလမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေ ၊ ရောဂါဖြစ်ပွားမှုများပြီး လော့ဒေါင်းကာလနဲ့ အချိန်ကြာကြာနေခဲ့ရတဲ့ မြို့နယ်မှာနေထိုင်တဲ့ ပြည်သူတွေမှာ စိတ်ကျရောဂါပြဿနာတွေ ပိုမိုခံစားရနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

“စက်ရုံအလုပ်ရုံအလုပ်သမားတွေ အများဆုံးရှိတဲ့ လှိုင်သာယာမှာဆိုရင် ကိုဗစ်ကာလ စက်ရုံတွေ ပိတ်တော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေ ရှိတယ်။ ဒီလူတွေက ဒီအခြေအနေမှာ စိတ်ဒဏ်ရာတွေ ရသွားတာတွေ ရှိတယ်။ နောက်ပြီး ရောဂါအများဆုံးဖြစ်ပွားတဲ့၊ ပိုးရှိသူတွေနဲ့ ထိတွေ့သူတွေများတဲ့သူတွေက အင်းစိန်တို့ မရမ်းကုန်းတို့မှာ ဖြစ်တယ်။ ဒါကြောင့် ဒီလိုလူတွေမှာလည်း စိတ်ဒဏ်ရာရှိနိုင်ပါတယ်။ ဒါကြောင့်သူတို့ကို ဆွေးနွးနှစ်သိမ့်တိုင်ပင်တာတွေလုပ်ရမှာပေါ့” လို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

စိတ်ကျန်းမာရေးပြဿနာတွေက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ထပ်တူအရေးကြီးတာကြောင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလည်း ဝန်ကြီးဌာနက အတတ်နိုင်ဆုံးပံပိုးပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးနဲ့ လူငယ်တွေအတွက် အပြုအမူပိုင်းဆိုင်ရာ၊ မူးယစ်ဆေးနဲ့ ဘေးဥပဒ်ဖြစ်စေတဲ့ ပစ္စည်းတွေ စွဲမှုပြဿနာတွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနိုင်မယ့် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ဌာနဖွင့်လှစ်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနအနေနဲ့ စိတ်ကျန်းမာရေးမူဝါဒနဲ့ စိတ်ကျန်းမာရေးမဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကိုလည်း ထုတ်ပြန်မှာ ဖြစ်ပြီး စိတ်ကျန်းမာရေးဥပဒေ (မူကြမ်း) ကိုလည်း ရေးဆွဲထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က