အလုပ်ပြန်လည်ရရှိရေး အလုပ်သမားဝန်ကြီးဌာနဘက်က ကူညီဆောင်ရွက်ပေးနေ။

အလုပ်လက်မဲ့ဖြစ်သွားသူတွေကို ပြည်တွင်းမှာပြန်ဖွင့်တဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်ရရှိရေး အစိုးရက ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

ကိုဗစ်ကာလမှာ ပြည်တွင်းနဲ့ ပြည်ပရှိ မြန်မာလုပ်သားပေါင်း ၂သိန်းခွဲခန့် အလုပ်လက်မဲ့ ဖြစ်သွားပေမယ့် အလုပ် ပြန်လည်ရရှိရေး ဆောင်ရွက်သွားမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောလိုက်ပါတယ်။



ဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ စတုတ္တတစ်နှစ်တာကာလအတွင်းဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူ စုစုပေါင်း တစ်သိန်းတစ်သောင်းကျော်ရှိပြီး လေယာဉ်နဲ့ပြန်လာသူတွေနဲ့ နယ်စပ်ကတဆင့် ပြန်လာသူ အားလုံးပါဝင်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာတော့ ကိုဗစ်ကြောင့် ပိတ်သိမ်းသွားရတဲ့ စက်ရုံအလုပ်ရုံစုစုပေါင်း ၅၆၅၈ရုံ ပိတ်သိမ်းသွားရပြီး အလုပ် လက်မဲ့ဖြစ်ခဲ့သူ တစ်သိန်းလေးသောင်းကျော် ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

“ကိုဗစ်ကာလမှာ ပြည်တွင်းနဲ့ ပြည်ပ နှစ်ခုပေါင်း အလုပ်လက်မဲ့ဖြစ်သူက ၂သိန်းခွဲခန့်ရှိပါတယ်။ အလုပ်လက်မဲ့ ဖြစ် သွားသူတွေကို အလုပ်ပြန်လည်ရရှိဖို့အတွက်တော့ အစကတည်းက ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် Labour ရုံးတွေမှာ စာရင်းသွင်းထားပြီး ဖြစ်ပါတယ်။သူတို့ရဲ့ အရည်အသွေးအပေါ်မူတည်ပြီး ပြန် လည် ဖွင့်လှစ်တဲ့ စက်ရုံတွေမှာ အလုပ်ရရှိနိုင်အောင် ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးကာ အလုပ်သမားတွေ အလုပ်ပြန်ရနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။”လို့ ဦးမြင့်ကြိုင်က ပြောခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အလုပ်သမား ရာနဲ့ချီ လိုအပ်တဲ့ စက်ရုံ အလုပ်ရုံ ၅၇ရုံခန့် ပြန်ဖွင့်လာပြီး ဝန်ကြီးဌာနက ပူးပေါင်း ‌ဆောင်ရွက်ကာ အလုပ်သမားတွေ အလုပ်ရရှိအောင် ပြန်လည်ဆောင်ရွက်ပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊လယ်ဆည်ဝန်ကြီးဌာန အစရှိတဲ့ အလုပ်သမား အလုံးအရင်း လိုအပ်တဲ့ ဝန်ကြီးဌာနတွေမှာလည်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေ ပါဝင်ဆောင်ရွက်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ဆက်လက်ပြောခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ပြီး အချို့နိုင်ငံတွေမှာ အလုပ်သမားတွေ ပြန်ခေါ်နေပြီဖြစ်ပေမယ့် လည်း လေကြောင်းလိုင်း အခက်အခဲကြောင့် အလုပ်သမားတွေကို ပို့ဆောင်ဖို့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် နေရတဲ့အပိုင်းရှိနေတယ်လို့ အဆိုပါသတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

ပြည်ပက ပြန်ဝင်လာတဲ့ အလုပ်သမားတွေထဲက ဆောက်လုပ်ရေးကဏ္ဍနဲ့သက်ဆိုင်တဲ့ အလုပ်သမား ၅၀၀၀ ခန့်ကို ပြည်တွင်းက ဆောက်လုပ်ရေးကုမ္ပဏီတွေမှာ အလုပ်ပြန်ခန့်ပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ကလည်း ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က