တရားမဝင် အထောက်အထားမဲ့နေကြတဲ့ မြန်မာလုပ်သားအချို့ ပြန်ခွင့်ရဖို့ အတွက် အခက်ကြုံနေရပါတယ်။
Mi Thawdar Aung

ကိုဗစ်ဂယက်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားပြီး နေထိုင်စားသောက်ရေးအခက်အခဲကြုံနေရတဲ့ မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား (၃) ဦးဟာ မိမိကိုယ်မိမိ အဆုံးစီရင်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မလေးရှားနိုင်ငံ ကပုန်း လူမှုကူညီရေးအသင်းက ပြောပါတယ်။

သေဆုံးသွားခဲ့သူတွေဟာ ပြီးခဲ့တဲ့ မေလကုန်လောက်ပိုင်းက မလေးရှားနိုင်ငံ ပီရတ်ပြည်နယ်၊ အီပိုမြို့က အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဇွန်လ ၁၃ ရက်မှာ ဆီလန်ဂေါပြည်နယ်၊ ရာဝမ်းမြို့မှာ နေထိုင်တဲ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ ကျီးအောင်ကျေးရွာနေ အသက် ၃၀ အရွယ် ကိုကျော်စွာဝင်းနဲ့ ဇွန်လ ၁၆ ရက်က ကွာလာလမ်ပူမြို့မှာနေထိုင်တဲ့ ဧရာဝတီတိုင်းမြောင်းမြမြို့က အသက် ၃၅ နှစ်အရွယ် မအေးသန္တာဦးတို့ ဖြစ်တယ်လို့ မလေးရှားနိုင်ငံ ကပုန်းလူမှုရေးကူညီရေးအသင်း ဥက္ကဌ ဦးစန်းဝင်းက Duwun ကိုပြောပါတယ်။

“ မလေးရှားမှာ ကိုဗစ်ကြောင့် တရားမဝင်အလုပ်သမားတွေကို လုံးဝမခန့်တော့ဘူး။ အလုပ်မခန့်တော့ ထောင်နဲ့ချီတဲ့အလုပ်သမားတွေက အလုပ်လက်မဲ့ဖြစ်တယ်။ မိဘရပ်ထံကို ပြန်ချင်ကြတယ်။ စားရေးသောက်ရေးအပြင် နေထိုင်ခတွေကလည်း မဖြစ်မနေ ပေးရတော့မယ်။ မပေးနိုင်ရင် ရဲကို အကြောင်းကြားမယ် ။ အဖမ်းခံရမယ်။ ဒီလိုအခက်အခဲဖြစ်တော့ စိတ်ဖိစီးပြီး ကိုယ့်ကိုကိုယ်သတ်သေမှုတွေ များလာတာပါ” လို့ ဦးစန်းဝင်းက ဆိုပါတယ်။

လက်ရှိ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို အစိုးရအစီအစဉ်နဲ့ ပြန်သွားကြတဲ့သူတွေဟာ မလေးရှားမှာ ဆေးလာကုနေတဲ့သူတွေ၊ အလည်ဗီဇာနဲ့လာလည်ကြတဲ့သူတွေ အများဆုံးဖြစ်ပြီး နာတာရှည်ရောဂါသမားတွေ၊ ကိုယ်ဝန်သည်တွေ၊ ကလေးသူငယ်တွေနဲ့ တရားမဝင်အထောက်အထားမဲ့ လုပ်သားတွေ ထောင်နဲ့ချီ နေရပ်ပြန်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဦးစန်းဝင်းက ဆိုပါတယ်။

“ ကျွန်တော်တို့ အသင်းကို အလုပ်သမားတွေက နေ့တိုင်းဖုန်းဆက်အကူအညီတောင်းတာတွေ ရှိပါတယ်။ အလုပ်သမားတွေဟာ အစိုးရရဲ့ ကယ်ဆယ်ရေး အစီအစဉ်နဲ့ပြန်ဖို့ စာရင်းတွေပေးတာပဲ အဖတ်တင်တယ်။ ဘယ်သူမှ မေးမြန်းတာလည်း မရှိဘူး။ ခေါ်တွေ့တာလည်းမရှိဘူး။” လို့ မလေးရှားနိုင်ငံ ကပုန်းလူမှုရေးကူညီရေးအသင်း ဥက္ကဌ ဦးစန်းဝင်းက Duwun ကိုပြောပါတယ်။

မြန်မာအစိုးရက မေလဆန်းပိုင်းကစပြီး ပြည်ပနိုင်ငံတွေမှာ နေရေးအခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်ခဲ့ကြရာမှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၄၀၀ နီးပါးခန့်ကို ပြန်ခေါ်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ အဆိုပါ မလေးရှားကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာသူတွေထဲက ၁၃ ဦးမှာ COVID-19 ပိုးတွေ့ရှိထားခဲ့ရာမှာ ၅ ဦးကတော့ နေပြန်ကောင်းသွားပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က