မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ (၆၈) ဦးအထိရှိလာပြီ။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုကြောင့် တပ်မတော် အငြိမ်းစား အထူးကုပါရဂူ ဆရာဝန်မကြီး တစ်ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။



အသက် (၆၅) နှစ်အရွယ်ရှိတဲ့ နှား၊ နှာခေါင်း၊ လည်ချောင်းအထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်မြင့်ဦး (ငြိမ်း) ဟာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းဈေးလမ်းနေအိမ်မှာ နေထိုင်ရင်း စက်တင်ဘာ (၃) ရက်က နေမကောင်းဖြစ်ရာကနေ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) ကို တက်ရောက်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆရာဝန်မကြီးဟာ ဆီးချို ရောဂါအခံရှိပြီး ကိုဗစ်-၁၉ ကြောင့်ရုတ်တရက် အသက်ရှုလမ်းကြောင်း ပျက်စီးခြင်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေကြောင့် စက်တင်ဘာ (၁၇) ရက် မွန်းလွဲပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

သေဆုံးသူ အငြိမ်းစားပါရဂူဆရာဝန်မကြီးဟာ လူနာအမှတ် ၃၀၀၄ ဖြစ်ပြီး တပ်မတော်အသည်းရောဂါကုဆေးရုံကြီး (မင်္ဂလာဒုံ)မှာ တက်ရောက်ကုသနေစဉ် သေဆုံးသွားခဲ့တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက် ညနေ (၄) နာရီအထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဟာ (၆၈) ဦးအထိ ရှိလာပြီး အများစုကတော့ အသက် ၆၀ ကျော်နဲ့ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် (၁၃) နှစ်အရွယ်နဲ့ အသက် (၂၄) နှစ်အရွယ် လူငယ်နှစ်ဦးလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က