ဒီသတ်မှတ်ချက်တွေကို ဧပြီလကတည်းက ကန့်သတ်ထားပြီး အခုဆို ၃လ အထိရှိလာပါပြီ။

ဇူလိုင် ၁၅ ရက်နေ့ အထိ သတ်မှတ်ထားတဲ့ ကိုဗစ် ကာကွယ်ရေးကန့်သတ်ချက်တွေကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတိက ဒီကနေ့ ဇူလိုင် ၁၃ ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေကက ထုတ်ပြန်ထားတဲ့ ပြည်သူကိုပန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက် (ဖြေလျှော့/တိုးမြှင့်ထားတဲ့ကိစ္စတွေမပါ) တွေကို တိုးမြှင့်လိုက်တာဖြစ်ပါတယ်။



ဒီကန့်သတ်ချက်တွေကို ပထမအကြိမ် ဧပြီလ ၃၀ ရက်နေ မေလ ၁၅ ရက်အထိ၊ ဒုတိယအကြိမ် မေလ ၁၆ ရက်ကနေ မေလ ၃၁ ရက်အထိ၊ တတိယအကြိမ် ဇွန်လ ၁ ရက်ကနေ ၁၅ ရက်အထိ၊ စတုတ္တအကြိမ် ဇွန်လ ၁၆ ရက်နေ ၃၀ ရက်အထိ၊ ပဉ္စမအကြိမ် ဇူလိုင်လ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး အခု ဆဌမအကြိမ်အဖြစ် ဇူလိုင်လ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့တာပါ။ 

အဆိုပါကန့်သတ်ချက်တွေထဲမှာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ပြေးဆွဲခွင့်နဲ့ ပြည်ဝင်ခွင့်ဗီဇာရပ်ဆိုင်းခြင်းတွေကို ဇူလိုင်လ ၃၁ ရက်အထိ တိုးမြှင့်ကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကတည်းက ကြေညာထားပြီးသားဖြစ်ပါတယ်။ အခုသတ်မှတ်ချက်တွေထဲမှာသတ်မှတ်ထားတဲ့ကိစ္စရပ်တွေကလွဲပြီးလူ ငါးဦးထက်ပိုမစုရ၊ အများပြည်သူလာရောက်လည်ပတ်နိုင်တဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်မရသေးတာ စတဲ့ အချက်တွေပါဝင်နေတာပါ။

လက်ရှိမှာ အစိုးရအနေနဲ့ ခရီးသွားလာခွင့်တွေ၊ အဝေးပြေးယာဉ်လိုင်းတွေ၊ စားသောက်ဆိုင်တွေကိုတော့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့ အညီ ပြန်ဖွင့်ခွင့်ပေးလိုက်ပြီး လာမယ့် ဇူလိုင် ၂၁ ရက်မှာဆိုရင်လည်း အခြေခံပညာအထက်တန်းအဆင့်တွေ ပြန်လည်ဖွင့်လှစ်သင်ကြားတော့မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က