ပိုးတွေ့လူနာတွေကို ကုသစရိတ်၊ နေထိုင်ရေးနဲ့ စားသောက်ရေးစရိတ်အားလုံးကိုလည်း အစိုးရဘတ်ဂျက်နဲ့ပဲ သံုးစွဲနေတာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာတွေကို ကုသဖို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျပ်ဘီလီယံနဲ့ချီ အကုန်အကျခံသုံးစွဲခဲ့ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ခွဲနမူနာစစ်ဆေးစရိတ် အနေနဲ့ လူနာ တစ်ဦးကို တစ်သိန်းခွဲနှုန်း ကုန်ကျနေပြီး လက်ရှိမှာ ဓာတ်ခွဲနမူနာပေါင်း ခြောက်သောင်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်တာကြောင့် ငွေကျပ် သိန်းပေါင်း ကိုးသောင်းကျော် ကုန်ကျခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပိုးတွေ့လူနာတွေကို ကုသစရိတ်၊ နေထိုင်ရေးနဲ့ စားသောက်ရေးစရိတ်အားလုံးကိုလည်း အစိုးရဘတ်ဂျက်နဲ့ပဲ သုံံးစွဲနေတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



Photo- ကိုဗစ်လူနာတွေကို အဓိက ကုသမှုပေးနေတဲ့ ဝေဘာဂီအထူးကုဆေးရုံကို တွေ့ရစဉ်။

“ Positive လူနာတစ်ယောက်ချင်းစီအတွက် ကုန်ကျစရိတ်ကို တွက်ဖို့ကျတော့ ခဲယဉ်းတယ်။ အခု ပိုးတွေ့လူနာတစ်ယောက်တွေ့ပြီးဆိုရင် သူ့ကို သယ်ဆောင်ဖို့ လူနာတင်ယာဉ်ကား၊ ယာဉ်မောင်းနဲ့ အကူ (၃) ဦးအတွက် PPE ဝတ်စုံကျန်ကျစရိတ် တွေ ရှိတယ်။ အဲဒီကနေ ဆေးရုံကို ရောက်လာရင် ကိုဗစ်အတွက် သီးသန့်ခန်း၊ အခန်းရဲ့ လေကို အပြင်ကို မထွက်အောင် လုပ်ရတဲ့ Negative Pressure Room ဆိုတာထားပေးရတယ်။ အဲဒီအခန်းတွေ လုပ်တာ ဝေဘာဂီမှာ တော်တော်ကုန်တယ်။ တစ်ချို့လူနာတွေဆို ရက် ၂၀ ၊ ၃၀ လောက်တက်ရတယ်။ အဲဒီကာလတွေအတွင်းမှာ ဆေးရုံကပဲ ကျွေးမွေးရတယ်။ သူတို့ကို နေ့စဉ်သွားကြည့်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ PPE ကုန်ကျစရိတ်တွေရှိတယ်။ ကျန်းမာရေးအဆင့်မီ PPE က တစ်ထည်ကို တစ်သိန်းခွဲဝန်းကျင်ရှိတယ်။ လူနာတစ်ယောက်ကို ဆရာဝန်တစ်ယောက်၊ ဆရာမတစ်ယောက် ကြည့်တယ်ဆိုရင် တစ်ရက်ကို နှစ်စုံကုန်ပြီ။ သွေးစစ်တာတွေ၊ ဆေးစစ်တာတွေ၊ အသက်ရှုစက်သုံးရတာတွေ၊ အိုင်စီယူ (အရေးပေါ်ခန်း) တွေ သုံးရမယ်ဆို ဒါတွေအတွက်အားလုံးတွက်မယ်ဆိုရင် ကျပ် သိန်းပေါင်းထောင်ပေါင်းများစွာ ကုန်ပြီးပြီလို့ တွက်လို့ရတယ်။” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

 အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉လူနာတစ်ဦးရဲ့ရောဂါပျောက်ကင်းချိန်အထိ ခန့်မှန်းကုန်ကျစရိတ်က ကန်ဒေါ်လာ ၃,၀၄၅ ရှိတယ်လို့ နိုင်ငံတကာသတင်းအချက်အလက်တွေအရသိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ရောဂါစတင်ဖြစ်ပွားကတည်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဘက်ဂျက်ထဲကနေပဲ ကုန်ကျခံသုံးစွဲပေးနေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတော်က အရေးပေါ်ငွေ ကျပ်သန်း ၃၀၀ ထပ်ဆောင်းပေးခဲ့ပြီး ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတော်ကပဲ ကျပ် ၂၆၇ ဘီလီယံကို ထပ်ပေးထားတယ်လို့ ဒီကနေ့ ဇွန်လ ၂၂ ရက်မှာ ပြုလုပ်တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

“ အစိုးရက အခုထပ်ပေးထားတဲ့ ပေးတဲ့ ၂၆၇ ဘီလီယံကို ဆေးရုံတွေ၊ အိုင်စီယူ (အရေးပေါ်အခန်းတွေ၊) ဓာတ်ခွဲခန်းတွေ တိုးချဲ့မယ်။ အဲဒီအတွက် အစီအစဉ်ရေးဆွဲပြီးပြီ။ ဒီတစ်ပတ်ထဲ စီးပွားရေးကော်မတီကို တင်မယ်။ပြီးရင် ကျွန်မတို့ တိုးချဲ့ဖို့ လုပ်ငန်းတွေအတွက် အဆင့်သင့်ဖြစ်နေပြီ” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောခဲ့ပါတယ်။

လက်ရှိမှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေအပြင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမြှင့်တင်ဖို့အတွက် အာရှဖွံဖြိုးရေးဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀၊ ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်း ၅၀ ချေးငွေ ရရှိထားပြီးဖြစ်တယ်လို့လည်း ဒီကနေ့ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က