သူနဲ့ ထိတွေ့ထားသူ အားလုံးကို ကွာရန်တင်းထားရှိထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အထက (၂)မှာ တက်ရောက်နေတဲ့ (၁၀)တန်းကျောင်းသူတစ်ဦး ရောဂါပိုးကူးစက်ခံခဲ့ရပြီး လက်ရှိမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်လျှက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ (၁၀)တန်းကျောင်းသူဟာ လူနာနံပတ် (၄၃၉)အဖြစ် ရောဂါပိုးတွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ(၂၂)ရက် ည (၈)မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 



“ အခု ရောဂါပိုးကူးစက်ခံရတဲ့ ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေလည်း အားလုံးကောင်းတယ်။ ကျောင်းသူတစ်ဦးတည်းနဲ့ ထိတွေ့ထားတဲ့သူတွေတင်မကဘူး။ အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားတဲ့သူအားလုံးကို ကွာရန်တင်းထားရှိထားတာပါ။ ကျောင်းသူဆိုတော့ သူနဲ့ ထိတွေ့ထားတဲ့ ကျောင်းကလူတွေနဲ့ မိသားစုတွေအားလုံးပါမှာပေါ့။ လူဦးရေကတော့ အတိအကျမသိဘူး" လို့ စစ်တွေမြို့ ကျန်းမာရေးလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Duwun ကိုပြောပါတယ်။ 

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကျောင်းသူက စစ်တွေ အထက (၂) ကျောင်းမှာ တစ်ပတ်ခြားအလှည်ံ့နဲ့ ကျောင်းတက်ရောက်နေသူဖြစ်ပါတယ်။ ရခိုင်မှာ ကိုဗစ်လူနာတွေတွေ့ရှိမှု ဆက်တိုက်ဖြစ်လာခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်းတွေကို သြဂုတ်လ (၂၀)ရက်နေ့ကတည်းက ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

 ကျောင်းပိတ်ထားစဉ်ကာလအတွင်း အဆိုပါကျောင်းသူမှာ နေမကောင်းဖြစ်ခဲ့တာကြောင့် ဆေးခန်းသွားပြရာကနေ ဆေးခန်းက တစ်ဆင့် စစ်တွေဆေးရုံကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံရောက်မှ နှာခေါင်းတို့ပတ်ယူစစ်ဆေးခဲ့ရာသြဂုတ်လ(၂၂)ရက်နေ့မှာတော့ ပိုးတွေ့လူနာစာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်းထိ (၈)ရက်အတွင်း ပြည်တွင်းကူးစက်လူနာ (၈၀)ဦးထိ ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ရောက်လာတဲ့ အမျိုးသမီးနှစ်ဦးမှာလည်း ရောဂါပိုးတွေ့ရှိထားပြီး သူတို့နှစ်ဦးစလုံးက လေဆိပ်ကနေ ကွာရန်တင်းစင်တာကို ချက်ချင်းပို့ဆောင်လိုက်သူတွေ ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပါတယ်။


Share

Loading Next Article...
က္က