ကနဦး ဇူလိုင် (၃၀)မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားခဲ့တာပါ။

COVID ကာလအတွင်း ပိတ်ထားခဲ့တဲ့ ရန်ကုန်ကဘုရားတွေကို တိုင်းအစိုးရက ဇူလိုင် (၃၀)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားခဲ့ပေမယ့်လည်း ဒီကနေ့မှာတော့ ဘုရားတွေပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ရန်ကုန်ကဘုရားတွေမှာ သက်ဆိုင်ရာဂေါပကတွေက ဇူလိုင်(၃၀)ရက်နေ့ မှာပြန်ဖွင့်နိုင်ဖို့ COVID စည်းကမ်းတွေနဲ့ အညီ ပြင်ဆင်ထားပြီးဖြစ်ပေမယ့်လည်း သြဂုတ်လ(၁၅)ရက်နေ့ ထိ COVID စည်းကမ်းချက်တွေကို ထပ်မံတိုးမြင့်လိုက်တာကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့တာပါ။



“ ကျွန်တော်တို့က အစောပိုင်း တိုင်းအစိုးရကလည်း သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဇူလိုင်(၃၀)မှာ ပြန်ဖွင့်ခွင့်ပေးတော့ ဘုရားမှာလည်း အားလုံးပြင်ဆင်ပြီးသွားပြီ။ အမှန်ဆို ဒီနေ့ ပြန်ဖွင့်ရမှာပေါ့။ မနေ့ကပဲ COVID ထိန်းချုပ်ကာကွယ်ရေး ဗဟိုကော်မတီက COVIDနဲ့ ပတ်သက်ပြီး ထုတ်ထားတဲ့ သတ်မှတ်ချက်တွေကို သြဂုတ် (၁၅)ရက်ထိ ထပ်တိုးတယ်ဆိုတော့ ကျွန်တော်တို့ အဲဒီရက်နောက်ပိုင်းမှ ပြန်ဖွင့်နိုင်မယ်ထင်တယ်” လို့ ဆူးလေဘုရားဂေါပကအဖွဲ့  Duwun ကိုပြောပါတယ်။ 

COVID ကာလအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားကဘုရားတွေကို ဖူးမြော်ခွင့်ယာယီပိတ်ထားခဲ့ရာမှာ ကာလအတော်ကြာခဲ့ပြီး လက်ရှိမှာတော့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီဖြစ်ပါတယ်။ ဒေသအလိုက် ဘုရားတွေကိုတော့ အချိန်အကန့်အသတ်၊ လူအကန့်အသတ်တွေနဲ့ ဖူးမြော်ခွင့်ပြုထားပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း COVID စည်းကမ်းချက်တွေကိုလည်း စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိလျှက်ရှိပါတယ်။  

လက်ရှိမှာတော့ ရန်ကုန်က ဘုရားတွေကို ပြန်လည် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသလို ပုဂံမှာလည်း ဘုရားဖူးပြည်သူတွေများပြားနေတာကြောင် နာမည်ကြီး ဘုရား (၁၇)ဆူကို ဇူလိုင်(၂၉)ရက်နေ့စလို့ အကန့်အသတ်မရှိဖူးမြော်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။








ဆက်စပ်အကြောင်းအရာများ



က္က