လက်ရှိအချိန်အထိ ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်ကို ကယ်ဆယ်ရေးလေယာဉ်ငါးကြိမ်ပြေးဆွဲထားပါတယ်။
Mi Thawdar Aung

ကိုရီးယားနိုင်ငံအပြင် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ (Relief Flight ) ကယ်ဆယ်ရေးလေယာဉ်တွေကို ကိုရီးယားနိုင်ငံသို့ တစ်ပတ် တစ်ခါပြေးဆွဲသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ ဇွန်လ ၂ ရက်က ထိုင်းနိုင်ငံ၊ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး (၃) ဦးနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်မှာ ပြောလိုက်တာပါ။ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားပေါင်း သုံးသောင်းခွဲဝန်းကျင်ရှိနေပြီး တစ်ချို့တွေဟာ နေထိုင်ခွင့်သက်တမ်းကုန်ခါနီးဖြစ်တာကြောင့် နေရပ်ပြန်ဖို့ လိုအပ်နေပြီး အခုလို ကာလမှာ ကယ်ဆယ်ရေးလေယာဉ်တွေ ခပ်စိပ်စိပ်ပြေးဆွဲပေးဖို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အတိုင်ပင်ခံကို တင်ပြခဲ့တာပါ။

Photo- MOFA (ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်ကနေပြန်လာကြတဲ့မြန်မာနိုင်ငံသားများကို တွေ့ရစဉ်)

“ ကိုရီးယားမှာ အစိုးရချင်းလုပ်ကိုင်နေတဲ့ EPS မြန်မာလုပ်သား သုံးသောင်းကျော်လောက်ရှိတယ်။ အဲဒီသုံးသောင်းကျော်က သူတို့ရဲ့ စာချုပ်သက်တမ်းက ၄ နှစ် ၁၀ လရှိပါတယ်။ အဲဒါပြည့်ရင် သူတို့က ထွက်ခွာပေးရပါတယ်။ အခုလို နိုင်ငံတကာ လေဆိပ်တွေ ပိတ်ထားတဲ့အခါမှာ ဒီလူတွေက အခက်အခဲဖြစ်နေပါတယ်။ ကိုရီးယားအစိုးရက ရက်ပေါင်း ၅၀ တိုးပေးပါတယ်။ ဒီရက်ပေါင်း ၅၀ အတွင်းမှာ မထွက်ခွာနိုင်ရင် သူတို့က Over Stay (နေထိုင်ခွင့်သက်တမ်းကုန်ဆုံး) ဖြစ်သွားပါတယ်။ ဒီလိုဖြစ်သွားရင် သူတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် Over Stay မဖြစ်ဘဲ အမြန်ဆုံး ပြန်နိုင်အောင် Relief Flight တွေ ခပ်စိပ်စိပ်ပြေးဆွဲပေးဖို့ တင်ပြပေးချင်တာပါ” လို့ ဦးသန့်စင်က ပြောခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံက တစ်ပတ်တစ်ခါ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) တွေ မှန်မှန်ပြေးဆွဲဖို့ စီစဉ်နေကြောင်း ပြန်လည်ပြောကြားခဲ့တာပါ။

မြန်မာအစိုးရက မေလဆန်းပိုင်းကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအစီအစဉ်တွေ စတင်ခဲ့ရာမှာ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို လည်း စုရပ်အဖြစ်သတ်မှတ်ပြီး ကမ္ဘာအရပ်ရပ်က ပြည်ပ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရေးတွေစတင်ခဲ့တာပါ။

ဒီလို ပြန်လည်ခေါ်ယူရာမှာ နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို ပြန်လိုသူတွေ၊ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို ပြန်လိုသူတွေကို ရွေးချယ်စိစစ်ခဲ့ရပြီး နေထိုင်ခွင့်သက်တမ်းကာလကုန်ဆုံးမည့်သူများ၊ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးမယ့်သူများ၊ နာမကျန်းသူများ၊ နေရပ်ပြန်လိုတာကြောင့် ကနဦးစာရင်းပေးသွင်းထားသူများ စတာတွေပေါ်မူတည်ပြီး ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဧပြီလ ၃၀ ရက်ကနေ မေလ ၂၉ ရက်အထိ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို ကယ်ဆယ်ရေးလေယာဉ် ငါးကြိမ်ခန့် ပြေးဆွဲခဲ့ပြီး ကိုရီးယားရောက် မြန်မာတွေအပြင် နိုင်ငံပေါင်း ၁၂ နိုင်ငံက မြန်မာနိုင်ငံသား ၅၇၄ ဦးကိုခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကာ တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က