အထက်ရေတံခွန်ဘက်မှာ ရေကစားရင်း ရေနစ်သွားခဲ့တာပါ။
Mi Thawdar Aung

သေဆုံးသူ နှစ်ဦးမှာ Knowledge.Villa ဂျပန်စကားပြောသင်တန်းကျောင်းက သင်တန်းဆရာ ဆရာမတွေ ဖြစ်ကြပြီး အထက်ရေတံခွန်ဘက်သို့ သွားရောက်ရေကစားစဉ် ရေနစ် သေဆုံးခဲ့တာဖြစ်တယ်လို့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။

နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်အချိန် သေဆုံးသူ သင်တန်းဆရာဆရာမ (၂) ဦးဟာ သင်တန်းသား၊ သင်တန်းသူ (၁၂) ဦးနဲ့ အတူ ကျိုက်ထီးရိုးစေတီတော်ကနေ ဘုရားဖူးအပြန် တောင်ခြေရှိ ဆောင်နိုင်ကြီး ရေတံခွန်မှာ သွားရောက် ရေကစားကြတာာဖြစ်တယ်လို့ သိရပါတယ်။

ရေဆော့ကစားရာကနေ သေဆုံးသူနှစ်ဦးမှာ အထက်ရေတံခွန်ဘက်ကို တက်သွားပြီးနောက် နာရီဝက်ခန့်ကြာတဲ့အထိ အောက်ကို ပြန်မဆင်းလာတာကြောင့် လိုက်လံရှာဖွေရာမှာ ရေတံခွန်အထက်ပိုင်းရှိ ရေအိုင်အတွင်းမှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသူ (၂) ဦးမှာ အသက် (၂၉) နှစ် အရွယ် ကိုသန်းထွန်းဇော်နဲ့ အသက် (၂၈) နှစ်အရွယ် မဟန်နီအောင်တို့ ဖြစ်ကြပြီး ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ နှုတ်ခန်းနဲ့ လက်ဖဝါးတွေ ပြာနှမ်းသေဆုံးနေတာကြောင့် အလောင်းတွေကို ကင်မွန်းချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပတ်သက်ပြီး ကင်မွန်းချောင်းနယ်မြေရဲစခန်းကနေ သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၉) နဲ့ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အဆိုပါရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

“ ဖြစ်စဉ်က ဟုတ်ပါတယ်။ ကျိုက်ထီးရိုးဘုရားဖူးအပန်းဖြေလာရင်း ရေတံခွန်မှာ ရေနစ်သေဆုံးခဲ့တာပါ။ စခန်းကတော့ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေပါတယ်” လို့ ရဲအရာရှိက ပြောခဲ့ပါတယ်။


က္က