ပါတီဥက္ကဌ ဦးကိုကိုကြီးကတောင်ဥက္ကလာပမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၁၅၂ ဦးစာရင်းပေးသွင်းထားပြီး တတ်သိပညာရှင်များကို အများဆုံး ရွေးချယ်ထားတယ်လို့ သိရပါတယ်။

“ အခု ကျွန်တော်တို့က ပါတီရဲ့ မူ ၉ ချက်နဲ့ အညီ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခဲ့တယ်။ အမျိုးသမီး ၁၀ ရာခိုင်နှုန်းပါဝင်တယ်။ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ဆိုရင် တတ်သိပညာရှင်တွေ၊ ပါမောက္ခအငြိမ်းစားတွေ၊ ဘွဲ့ရ ၊ အင်ဂျင်နီယာတွေ၊တရားလွှတ်တော်ရှေ့နေတွေပါပါတယ်” လို့ ပြည်သူ့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးကျော်လင်းက Duwun ကို ပြောပါတယ်။



ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၁၅၂ ဦးမှာတော့ အမျိုးသားလွှတ်တော်နေရာအတွက် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်နေရာအတွက် ၄၃ ဦး၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် (၁) နဲ့ (၂) နေရာအတွက် ၉၉ ဦး ဖြစ်တယ်လို့သိရပါတယ်။

ကိုယ်စားလှယ်လောင်း ၁၅၂ ဦးဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၁) ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဧရာဝတီတိုင်းမှာ (၂၄) ဦး၊ မန္တလေးတိုင်း (၂၂) ဦး၊ ပဲခူးတိုင်းမှာ (၁၅) ဦး၊ စစ်ကိုင်းတိုင်းမှာ (၁၅) ဦး၊ မကွေးတိုင်းမှာ (၁၅) ဦး၊ တနင်္သာရီတိုင်းမှာ (၇) ဦး၊ ရန်ကုန်တိုင်းမှာ (၄၈) ဦး၊ ရှမ်းပြည်နယ်မှာ (၅) ဦး၊ မွန်ပြည်နယ်မှာ (၄) ဦး၊ ချင်းပြည်နယ်မှာ (၃) ဦးနဲ့ ကရင်ပြည်နယ်မှာ (၁) ဦးတို့ဖြစ်ကြပါတယ်။

လက်ရှိ ရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ ပုဂ္ဂိုလ်ရေးအခက်အခဲကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့မယ့် ကိုယ်စားလှယ်လောင်းတွေ ရှိခဲ့ရင်လည်း လစ်လပ်တဲ့ နေရာတွေကို ပြန်လည်အစားထိုးသွားမှာမဟုတ်ဘူးလို့ ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်လင်းက Duwun ကို ပြောပါတယ်။

ပြည်သူ့ပါတီအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဥက္ကဌ ဦးကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့ဝင် (၉) ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး စည်းရုံးရေးကမ်ပိန်းအတွက်ကိုယ်စားလှယ်လောင်းတွေကို COVID-19 ရောဂါကာကွယ်ရေးစည်းကမ်းချက်နဲ့အညီ သင်တန်းတွေ ပို့ချသွားမယ်လို့လည်း သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ တောင်ဥက္ကလာပမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က