ဒီအမိန့်ဟာ စက်တင်ဘာ ၂၁ ရက် မနက် ၈ နာရီအချိန်မှ စတင်သက်ရောက်မှာပါ။

ကိုကိုးကျွန်းဒေသကြီးက လွဲပြီး ရန်ကုန်တစ်တိုင်းလုံး Stay Home အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့အစည်း၊ ကုမ္ပဏီတွေအနေနဲ့ အိမ်မှာပဲနေပြီး လုပ်ငန်းဆောင်ရွက်ရန်၊ အစိုးရဝန်ထမ်းတွေအနေနဲ့ (၂) ပတ်ရုံးတက် (၂) ပတ်အိမ်မှာနေတဲ့ ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ အသားငါး အအေးခန်းလုပ်ငန်းတွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းတွေ၊ နေ့စဉ် တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ တာဝန်ထမ်းဆောင်နေသူတွေက ပုံမှန်အတိုင်းသွားရောက်ရန်၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (အထည်ချုပ်) စက်ရုံ၊ အလုပ်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတော့ စက်တင်ဘာ (၂၄) ရက်ကနေ အောက်တိုဘာ (၇) ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် စသဖြင့် အမိန့်ထုတ်ပြန် ကြေညာထားပါတယ်။



ဓာတ်ပုံ- ဒီကနေ့ စက်တင်ဘာ (၂၀) ရက် ညပိုင်းက ရန်ကုန်မြို့ အခြေအနေ

မဖြစ်မနေ ဈေးဝယ်ဖို့ အတွက် တစ်အိမ်ကို တစ်ဦးသာ သွားရောက်ဖို့၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ဖို့ ရှိပါက တစ်အိမ်ကို နှစ်ဦးသာ သွားရောက်ဖို့၊ နေအိမ်ကနေ ပြင်ပကို သွားလာရင် ပါးစပ်/နှာခေါင်းစည်းတပ်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ သွားရောက်မယ့်သူတွေကို ပို့ဆောင်မယ့်ယာဉ်တွေ၊ ဖြတ်သန်းသွားခွင့်ပြုထားတဲ့ယာဉ်တွေကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုဖို့၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ တစ်ဦး၊ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ နှစ်ဦးသာ သွားရောက်ဖို့ ညွန်ကြားထားတာပါ။

ခွင့်ပြုထားတဲ့ ကိစ္စရပ်တွေနဲ့ အရေးပေါ်ကိစ္စရပ်တွေအတွက် သတ်မှတ် ဦးရေထက် သွားလာရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီး ခွင့်ပြုချက်နဲ့ သွားလာရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း တာဝန်ကိစ္စနဲ့ သွားလာသူတွေမှ အပ ရပ်ကွက်ပြင်ပ/ အတွင်းသို့ ဝင်၊ထွက်ခွင်မပြုရဘူးလို့ သိရပါတယ်။

ဒီအမိန့်ဟာ စက်တင်ဘာ ၂၁ ရက် မနက် ၈ နာရီအချိန်မှ စတင်သက်ရောက်မှာဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းမှာ အချိန်တိုကာလအတွင်း လူနာတွေ တွေ့ရှိရမှု များပြားလာပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နေရင်း တိုင်းအတွင်းက မြို့နယ်အသီးသီးကို အိမ်မှာပဲ နေထိုင်ဖို့လိုအပ်တာကြောင့် အမိန့် ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ ၅၅၄၁ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းမှာ ၃၄၉၃ ဦး ရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က