ကလေးမြို့မှာ ရောဂါပိုးရှိ လူနာ ပထမဆုံး‌တွေ့ရှိပြီး‌နောက် ‌ဆောင်ရွက်လိုက်တာပါ။
Kyaw Ko Ko Sint

ကလေးမြို့ရှိ အသက် ၆၃နှစ်အရွယ် အမျိုးသမီးကြီးမှာ ပထမဆုံး ရောဂါပိုးတွေ့ရှိပြီးနောက် မြို့ရဲ့ အဝင်အထွက်အားလုံးကို အရေးကြီးကိစ္စကလွဲပြီး အသွားအလာ ကန့်သတ်လိုက်တာပါ။

ဓာတ်ပုံ-ကလေးမြို့မှာ Quarantine ထားရှိမယ့် ‌နေရာ

ဧပြီလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ကလေးမြို့မှာ COVID-19 ရောဂါပိုးရှိသူတစ်ဦး ပထမဆုံး တွေ့ရှိလာရပြီးတဲ့နောက် မိသားစု ကျန်းမာရေး အရေးကြီးကိစ္စကလွဲပြီး ကျန်တဲ့ အဝင်အထွက်အားလုံး ပိတ်ပင်ထားပြီး ဖြစ်တယ်လို့ ကလေးမြို့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူက Duwun ကို ပြောပါတယ်။ ကလေးမြို့မှာ အတည်ပြုလူနာရှိလာတဲ့နောက်မှာတော့ မြို့ရဲ့ အဝင်အထွက်ဂိတ်တွေအားလုံးကို အထူးကြပ်မတ်စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့လည်းသိရပါတယ်။

“မြို့အဝင်အထွက်ကို ရောဂါပိုးတွေ့လူနာ စတွေ့ကတည်းက ချင်းပြည်နယ်ဖက်ကို တက်တဲ့ဂိတ်ရယ်၊မန္တလေး၊မုံ ရွာဖက်က တက်လာမယ့် ဂိတ်တို့ကို ကျန်းမာရေးဌာန၊ရဲတို့ ပူးပေါင်းပြီး တောက်လျှောက် စစ်ဆေးမှုတွေ လုပ် ဆောင်နေပါပြီ။ခရီးသွားလာမှုကိုလည်း မိသားစု ကျန်းမာရေးကိစ္စသွားတာကလွဲပြီး အကုန်လုံးကို ကန့်သတ်ထားပါတယ်။အဝင်လည်း မရပါဘူး။ ကလေးဝဖက်ကနေလာတဲ့ ဂိတ်ကိုလည်း ကလေးဝဖက်က ကန့်သတ်ထားပြီး ဖြစ်ပါတယ်။”လို့ ဒေါ်အေးအေးမူက ပြောပါတယ်။

ကလေးမြို့ရဲ့ ပထမဆုံး အတည်ပြုလူနာ အမျိုးသမိးကြီးဟာ အမေရိကန်က ပြန်လာတဲ့ အတည်ပြုလူနာနံပါတ် ၁ ကလေးမြို့ကို လာစဥ်၂ ရက်ခန့်တည်းခိုနေထိုင်ခဲ့တဲ့အိမ်ရဲ့ အိမ်ရှင်ဖြစ်တယ်လို့ သိရပါတယ်။ “အိမ်ရှင်အမျိုးသမီးကြီးမှာ စတွေ့တာပါ၊သူ့ရဲ့ ကျန်တဲ့ မိသားစုဝင် ၄ ဦးမှာတော့ ရောဂါပိုးမတွေ့ပါဘူး။ရောဂါ ပိုးမတွေ့ပေမယ့် မိသားစုဝင်တွေကို Quarantine ထားရှိထားပါတယ်။”လို့ ဒေါ်အေးအေးမူက ပြောပါတယ်။

ဒါ့အပြင် တီးတိန်မြို့နယ်ကနေ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းဖို့ရှိတဲ့ ရောဂါပိုးတွေ့ လူနာကိုလည်း ကလေးမြို့ ဒေသခံတွေက သဘောမတူမှုတွေ ရှိနေလို့ ခေတ္တဆိုင်းငံ့ထားရတယ်လို့လည်း သိရပါတယ်။

“တီးတိန်က ပိုးတွေ့လူနာကို ကလေးမြို့ကိုရွှေ့မယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ ကလေးမြို့ ပြည်သူတွေရဲ့ သဘော ထားက ရောဂါပိုးလုံးဝမရှိသေးတဲ့ နေရာကို ရောဂါပိုးတွေ့လူနာကို လာထားမယ့်အပေါ် စိုးရိမ်စိတ်ဖြစ်နေခဲ့တာပါ။ ဒါကြောင့် ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူလူထုနဲ့ တစ်သားတည်းရှိတဲ့အတွက် ဒီကိစ္စ ကို ဝန်ကြီးဌာနထံ ဆက်သွယ်ပြီး ပြောပါတယ်။ဒါကြောင့် ချက်ခြင်းမရွှေ့စေဘဲ ဆိုင်းငံ့ထားစေပါတယ်”လို့ ဒေါ် အေးအေးမူက ဆက်လက်ပြောပါတယ်။

ကလေးမြို့နယ်မှာတော့ ရောဂါပိုးတွေ့လူနာ တစ်ဦးသာရှိပြီး အဆိုပါ လူနာ ရောဂါပိုးမတွေ့ရှိခင် သွားလာ ထိတွေ့ ဆက်ဆံထားသူတွေကို ရှာဖွေ ဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်မှုတွေ လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က