ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ နှစ် ၂၀ ကျော်ကြာ ကြိုးပမ်းခဲ့ရတာပါ။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် UNESCO က သတ်မှတ်ခဲ့တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းဖို့ အဓိကကျလာပါတယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ နှစ် ၂၀ ကျော်ကြာ ကြိုးပမ်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ UNESCO ရဲ့ (၄၃) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်aကာ်မတီ အစည်းအဝေး မှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Photo - Ministry of Hotels and Tourism



လက်ရှိမှာ ရှေးဟောင်းနယ်မြေဇုန်အတွင်း ဆောက်လုပ်ထားတဲ့ ဟိုတယ်တွေက ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်မှုရှိ၊ မရှိ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်တော့မှာဖြစ်ပြီး ထိခိုက်မှုရှိတဲ့ ဟိုတယ်တွေကို ဖြည်းဖြည်းချင်း ပြန်လည်ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ကျွန်တော်တို့ UNESCO အစည်းအဝေးမှာ ပညာရှင်တွေနဲ့ ညှိနှိုင်းခဲ့တယ်။ ဟိုတယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဘယ်နှစ်နှစ်အထိ လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်။ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်တယ်။ မထိခိုက်ဘူးဆိုတာတွေကို လေ့လာဆန်းစစ်ပြီး စီမံချက်တွေရေးမယ်။ ပြီးရင် ယူနက်စကိုကို တင်ပြမယ်။ ထိခိုက်တဲ့အပိုင်းတွေကို တဖြည်းဖြည်းဖယ်မယ်။ မထိခိုက်တဲ့အပိုင်းတွေကိုတော့ တည်ရှိစေမယ်” လို့ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဟိုတယ်အသစ်တွေကိုတော့ ဟိုတယ်ဇုန်မှာသာ ဆောက်လုပ်ခွင့်ပြုတော့မှာလို့ သိရပါတယ်။ စေတီပုထိုးပေါင်း ၃၀၀၀ ကျော်ရှိနေတဲ့ ပုဂံဒေသမှာ ဘုရားပေါင်း ၄၀ ကျော်ရဲ့ ပရဝုဏ်အတွင်း ဟိုတယ်တွေကျူးကျော်ဆောက်လုပ်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပုဂံဒေသမှာ ဟိုတယ်အလုံးပေါင်း ၁၄၁ လုံးရှိပြီး ၈၆ လုံးမှာ ယဉ်ကျေးမှု နယ်မြေအတွင်းရောက်ရှိနေတယ်လို့ စာရင်းတွေအရ သိရပါတယ်။

ပုဂံဒေသဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး ထိန်းသိမ်းရေးစောင့်ရှောက်မှုကို ခံယူခွင့်ရပြီးနောက် မှန်ကန်တဲ့ စီမံခန့်ခွဲမှုနဲ့ ကမ္ဘာ့ အမွေအနှစ်ထိန်းသိမ်းရေးစံနှုန်းတွေအတိုင်း လုပ်ဆောင်ရတော့ဖြစ်တာကြောင့် အစိုးရအပြင် ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်တယ်လို့ (၄၃) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်ကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့သူ နှလုံးသားထဲက ပုဂံဓာတ်ပုံပြပွဲရဲ့တာဝန်ခံ ဦးမျိုးဆွေသန်းက ပြောပါတယ်။

“ယူနက်စကိုရဲ့ မူဝါဒကတော့ အမွေအနှစ်ကိုပိုင်ဆိုင်တဲ့ နိုင်ငံသားရဲ့ ဆန္ဒနဲ့အညီ ထိန်းသိမ်းပေးမယ်။ ပုဂံကို နိုင်ငံရဲ့ တည်ဆဲဥပဒေမှာ ထည့်သွင်းထိန်းသိမ်းစောင့်ရှောက်ထားတာရှိပေမယ့် ချိုးဖောက်ထားတာတွေရှိတယ်။ ဒါတွေကို ပြင်ရမှာပေါ့။ အခု ယူနက်စကိုက အကြံပြုချက် ၁၉ ခုကိုတော့ ပေးထားပါတယ်” လို့ ဦးမျိုးဆွေသန်းက ဆိုပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၁၉၉၄ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ပြီး စံနှုန်းသတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိခဲ့လို့ ပယ်ချခံခဲ့ရပြီးနောက် ယခု ၂၀၁၉ ခုနှစ်မှာမှ အသိအမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က