UNESCO က တရားဝင်သတ်မှတ်လိုက်ပါပြီ။
မြန်မာနိုင်ငံရဲ့နှလုံးသားလို့ တင်စားတဲ့ ပုဂံဒေသဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နေရာတစ်ခုအဖြစ် UNESCO က သတ်မှတ်လိုက်တာကြောင့် ပုဂံဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ အရှိန်အဟုန်နဲ့ ဝင်ရောက်လာတော့မှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကသုံးသပ်ထားပါတယ်။

Photo - UNESCO



အဇာဘိုင်ဂျန်နိုင်ငံမှာ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး ၇ ရက်မြောက်နေ့မှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

"ခုလို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံလိုက်ရတာ ဂုဏ်ယူစရာ သိပ်ကောင်းပါတယ်။ ပြီးတော့ ဒီေဒေသကို ခရီးသွားတွေ အများအပြားလာရောက်တော့မှာဖြစ်ပါတယ်။ နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကိုလည်း အများကြီး အထောက်အကူပြုမှာပါ။"လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ကိုညိုအေးက Duwun ကိုပြောပါတယ်။

Photo - MORAC - CultureNews

ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းတွေကို (၂၀၁၄)ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်) မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု (သို့မဟုတ်) ပြယုဂ်တစ်ခုအနေဖြင့်ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့်အတန်း (သို့မဟုတ်) ထိုထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သော အရေးပါ ထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ စသည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Photo - MORAC - CultureNews

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပခဲ့တဲ့ (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာလည်း ပျူမြို့ဟောင်း (၃)မြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းတွေကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာများအဖြစ် သတ်မှတ်ခဲ့ပြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ခံရတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က