တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက် နိုင်တယ်လို့သိရပါတယ်။
Mi Thawdar Aung

ရန်ကုန်ကနေ တနသာၤရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။

Photo- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

နိုဝင်ဘာ ၁ ရက် မနက် (၆) နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ (Land Depression ) ဟာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်အားလျော့သွားခဲ့ပြီး အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့သိရပါတယ်။

အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ နေရာကျဲကျဲကနေ နေရာကွက်ကွားမိုးထစ်ချုန်းရွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မုန်တိုင်းငယ်က လေဖိအားနည်းရပ်ဝန်းအားလျော့သွားပေမယ့် တိမ်တိုက်တွေက အနောက်မြောက်ဘက်ကို ရွှေ့နေတာကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ နေရာကျဲကျဲကနေ နေရာကွက်ကြား မိုးရွာနိုင်တယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ မွန်၊ကရင်နဲ့ တနသာၤရီတို့မှာ အဓိက ရွာနိုင်တာပေါ့။” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

 ရေပြင်လေဟာ အရှေ့ဘက် (သို့မဟုတ်) အရှေ့မြောက်ဘက်ကို တစ်နာရီကို ပင်လယ်မိုင် ၁၀ မိုင်ကနေ ၁၅ မိုင်ကြားတိုက်ခတ်မှာဖြစ်ပြီး တစ်ခါတစ်ရံ (၃၅) မိုင် အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာ ၁ ရက် မနက်ကနေ နောက်(၄၈)နာရီအတွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက် နိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီကို (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။




က္က