ချောင်းသာကမ်းခြေမှာ စတင်နေပါတယ်။

ပင်လယ်ကမ်းခြေတွေ သန့်ရှင်းသာယာဖို့နဲ့ ပင်လယ်ရေညစ်ညမ်းမှု ကာကွယ်ဖို့အတွက် Clean Yangon အဖွဲ့က ဦးဆောင်ပြီး Clean Beach စီမံကိန်း စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Photo- Clean Yangon



ကနဦးစီမံချက်အနေနဲ့ ပြည်တွင်းခရီးသွားအများဆုံးဖြစ်တဲ့ ချောင်းသာကမ်းခြေမှာ ငါးအရုပ်ပုံ အမှိုက်ပုံးတွေထားရှိပြီး စနစ်တကျအမှိုက်စွန့်ပစ်မှုရှိလာစေရန်နဲ့ ပြည်သူတွေ အသိပညာတွေ ရလာစေရန် ရည်ရွယ်တယ်လို့ Clean Yangon အဖွဲ့မှ ဦးဆောင်သူ ကိုဇေယျာထွန်းက Duwun ကိုပြောပါတယ်။

“ကျွန်တော်တို့ ချောင်းသာကမ်းခြေမှာ သင်္ကြန်မတိုင်ခင်က ဒီစီမံကိန်းကို စတင်တာပါ။ ပင်လယ်ကမ်းခြေကိုလာတဲ့သူတွေက စွန့်ပစ်အမှိုက်တွေကို စည်းကမ်းတကျ ပစ်တာထက်စာရင် ရေထဲကို ပစ်ချတာတွေ၊ ကမ်းခြေမှာ ထားခဲ့တာတွေက များပါတယ်။ အမှိုက်တွေက ပင်လယ်ရေကို ညစ်ညမ်းစေတယ်။ ပင်လယ်သတ္တဝါတွေကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ ပြည်သူတွေသတိမူမိအောင် ကျွန်တော်တို့က အသိပညာပေးချင်တာပါ” လို့ ကိုဇေယျာထွန်းက ဆိုပါတယ်။

Photo- Clean Yangon

လက်ရှိတော့ ချောင်းသာကမ်းခြေမှာ အမြင့် ၆ ပေ၊ အကျယ် ၈ ပေခန့်ရှိတဲ့ ငါးရုပ်ပုံသဏ္ဍာန် အမှိုက်ပုံး (၂) ပုံးထားရှိပြီး အခုလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆိုင်းဘုတ်တွေ ထားရှိဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ပြည်တွင်းခရီးသွား အများဆုံးဖြစ်တဲ့ ချောင်းသာကမ်းခြေအပြင် ငွေဆောင်၊ ငပလီ ကမ်းခြေတွေမှာလည်း Clean Beach စီမံကိန်းတွေဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ဆိုပါတယ်။ Clean Yangon အဖွဲ့အနေနဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေမရှိအောင်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ လျော့နည်းအောင် ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသိပညာပေးစီမံကိန်းတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က