နေရပ်ပြန်ရာမှာ အခက်အခဲရှိရင် အလုပ်သမားသံအရာရှိတွေကို ဖုန်းဆက်သွယ်နိုင်ပါတယ်။
Mi Thawdar Aung

သင်္ကြန်နေရပ်ပြန် ထိုင်းရောက်မြန်မာအလုပ်သမားတွေကို အကူအညီပေးနိုင်ဖို့ Re-Entry Visa ခွင့်ပြုပေးထားတဲ့ ဧပြီလ ၅ ရက်ကစပြီး အယုဒ္ဓယမြို့မှာ အလုပ်သမား သံအရာရှိတစ်ဦးကို တာဝန်ချပေးထားမယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။

Photo- Ministry of Home Affairs, Myanmar (မြန်မာအလုပ်သမားများ မဲဆောက်မြို့ကတစ်ဆင့် ပြန်လည်ဝင်ရောက်လာစဉ်)

နေရပ်ပြန် မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ တပါတည်း ပါအောင် ယူဆောင်သွားကြဖို့နဲ့ စာရွက်စာတမ်းတွေ ပျောက်ဆုံး ပျက်စီးပါက ပြန်လည် လျှောက်ထားနိုင်ရန် မိတ္တူကူးယူထားခြင်း၊လက်ကိုင်ဖုန်းတွေနဲ့ စနစ်တကျ ဓာတ်ပုံရိုက်သိမ်းထားခြင်း၊ လဝက ထွက်ပေါက် ဝင်ပေါက်တွေက အထွက်တုံးတွေကို ဓာတ်ပုံရိုက်သိမ်းထားခြင်းတွေကို ဆောင်ရွက်ထားကြဖို့ သတိပေးထားပါတယ်။

နေရပ်ပြန်ရာမှာလည်း အခြေအနေအရ စစ်ဆေးမှတ်ပုံတင်ထားခြင်းမရှိတဲ့ ပြင်ပ မော်တော်ယာဉ်တွေကို လိုက်ပါစီးနင်းကြသူတွေအနေနဲ့ မိမိတို့စီးနင်းလိုက်ပါမယ့် မော်တော်ယာဉ်ကြံခိုင်မှု၊ ယာဉ်မောင်းရဲ့ ကျန်းမာရေး အခြေအနေတို့ကို ဂရုပြုကြဖို့၊ ဘယ်ယာဉ်နဲ့ မဆို လိုက်ပါရင် ယာဉ်မောင်းအိပ်ငိုက်တာ၊ ယာဉ်မောင်းတဲ့ပုံစံ မူမမှန်ရင် ယာဉ်ကို ချက်ချင်းရပ်တန့်ခိုင်းဖို့ လိုအပ်တယ်ဆိုပြီး ကြေညာထားတာပါ။

အလုပ်သမား သံအရာရှိရုံးအနေနဲ့ မော်တော်ယာဉ်တွေကို ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ တရားဝင်မှတ်ပုံတင်ထားခြင်း၊ ကားအာမခံမှု စစ်ဆေးခြင်း၊ ယာဉ်မောင်းတွေ အချက်အလက်တွေကို စစ်ဆေးခြင်းနဲ့သင်္ကြန်ကာလအတွင်း ပြေးဆွဲမယ့် ခရီးစဉ်တွေ ကြိုတင်စစ်ဆေးခြင်းတွေကို (Land Transport Department) နဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ အလုပ်သမားသံရုံးကနေ ထုတ်ပြန်ထားပါတယ်။

ခွင့်ပြန်မြန်မာ အလုပ်သမားများအနေနဲ့ အိမ်ပြန်ခရီးမှာ အခက်အခဲ တစ်စုံတစ်ရာရှိပါက အလုပ်သမားသံအရာရှိတွေ ဖုန်းဆက်သွယ်နိုင်ပြီး Line၊ Viberနဲ့ အလုပ်သမားသံအရာရှိရုံးရဲ့ LA-Thailand ဖေ့စ်ဘုတ်ပေ့ချ်တို့ကနေ ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့သိရပါတယ်။ ဆက်သွယ်အကူအညီတောင်းလို့ရမယ့် ဖုန်းတွေက ဦးစန်းမောင်ဦး(ဘန်ကောက်) Phone | Viber | Line - 09 4884 5484 ဦးသန်းနိုင် (ဘန်ကောက်) Phone | Viber | Line - 06 5220 6952 ဦးဇော်မင်းအောင်(ရနောင်း) Phone | Viber | Line -06 5220 6951 ဦးအောင်မင်း(မဲဆောက်) Phone | Viber | Line - 06 5220 6953 ဦးဇော်မင်းထွေး(ချင်းမိုင်) Phone | Viber | Line - 09 9059 2352 တို့ကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။


က္က