ခြံအမှတ် (၅၄) မှာ ပိုးတွေ့ခဲ့တာကိုလည်း အတိုင်ပင်ခံက အားနာမိကြောင်းပြောခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးအတွက် ကော့မှူးမြို့နယ်ကို သွားရောက်ဖို့ ရှိပေမယ့် ကျန်းမာရေးဝန်ကြီးက ခရီးသွားတာကို သဘောမတူလို့ ခရီးစဉ် ဖျက်သိမ်းလိုက်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ ပြုလုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် Quarantine စင်တာတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းဆွေးနွေးပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။



“ ကျွန်မက မူလဆိုရင် ဒီနေ့ညနေ ရန်ကုန်ကိုဆင်းပြီးတော့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို ဆင်းဖို့ရော၊ ဆိတ်ကြီးခနောင်တိုမှာလည်း နိုင်ငံတော်အလုပ်တစ်ခုလုပ်ဖို့ပေ့ါနော်။ ဒါပေမယ့် အဲဒါကို ကျန်းမာရေးဝန်ကြီးက ခရီးသွားတာကို သဘောမတူဘူးဆိုလို့ ဒါကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက အာဏာအရှိဆုံးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ လိုတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူတဲ့ကိစ္စတွေကို မလုပ်ဖို့ပဲ” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟန်းမြို့နယ် ခြံအမှတ် (၅၄) မှာနေထိုင်သူ တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရသလို ကော့မှူးမြို့နယ်မှာလည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိရသူ (၃) ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အခုလို သူ့ရဲ့ ရန်ကုန်နေအိမ်မှာ ပိုးတွေ့ခဲ့ရတာကို အလွန်အားနာမိပြီး ပုဂ္ဂိုလ်ရေးအရ တောင်းပန်ကြောင်း ဒီကနေ့ အွန်လိုင်းဆွေးနွေးပွဲမှာသွားခဲ့ပါတယ်။

“ ကျွန်မ ပုဂ္ဂိုလ်ရေးအရ ပြောချင်တာတစ်ခုရှိပါတယ်။ ကျွန်မရဲ့ ရန်ကုန်ခြံမှာ ပေါ့စတစ်တစ်ယောက်တွေ့တယ်ဆိုတာကိုလည်း တောင်းပန်တယ်။ သိပ်အားနာတာပဲ။ ဒါကျွန်မပုဂ္ဂိုလ်ရေးအရ ပြောတာပါ။ ကျွန်မတို့ အစိုးရအနေနဲ့ဘယ်သူ့ကိုမှ ဒီရောဂါရတယ်ဆိုပြီး အပြစ်မမြင်ပါဘူး။ ဒီရောဂါတွေ့တဲ့သူတွေကို မြန်မြန်ရှာ မြန်မြန်ကုသဖို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ကော့မှူးမြို့နယ်မှာ စက်တင်ဘာ (၈) ရက်နေ့ မနက် (၈) နာရီအချိန်မှာ ပါတီအောင်နိုင်ရေးအလံလွှင့်ထူဖို့ ကနဦးစီစဉ်ထားပေမယ့် အခုတော့ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု အခြေအနေတွေကြောင့် ကော့မှူးခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က