မတ်လ ၉ ရက်နေ့က မြန်မာပြည်ကို ဝင်ရောက်မှု ယာယီရပ်နားထားပါတယ်။
Mi Thawdar Aung

ကိုရီးယားကနေ မြန်မာကို တိုက်ရိုက်ပြေးဆွဲတဲ့ Korea Air လေကြောင်းလိုင်းက ဧပြီ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ဝင်ရောက်တော့မှာ မဟုတ်ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးအသိပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ကိုရီးယားနိုင်ငံဘက်က ဝင်ရောက်ခြင်းပြုတော့မှာမဟုတ်ဘဲ အခုမတ်လ ၉ ရက်နေ့က စတင်ကာ မြန်မာပြည်ကို ဝင်ရောက်မှု ယာယီရပ်နားထားတာဖြစ်တယ်လို့သိရပါတယ်။

“ ကိုရီးယားဘက်ကနေကို မဝင်တော့တာ။ သူတို့ဘက်ကလည်း စီးမယ့်လူမရှိဘူး။ ကျွန်တော်တို့ဘက်ကလည်း မသင်္ကာသူတွေကို Quarantine လုပ်နေလို့လည်း ပါတာပေါ့။” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

Photo- Business Insider

ဒါ့အပြင် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံကို တစ်ပတ်ကို (၃) ကြိမ် သွားလာမှုတွေကို လျှော့ချတာ ဒါမှမဟုတ် လုံးဝပိတ်ဖို့ ကိုလည်း အမြန်ဆုံး ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို အကြံပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ရောဂါကူးစက်ပျံ့ပွားမှု များပြားနေတဲ့ နိုင်ငံတွေကနေ မြန်မာနိုင်ငံတွင်း ပြန်လည် ဝင်ရောက်လာသူတွေကို ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိပေမယ့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့ညပိုင်းက ကိုရီးယားနိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတဲ့ လေယာဉ်တစ်စီးပေါ်မှာ COVID-19 ရောဂါဖြစ်ပွားမှု များပြားနေတဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ဒယ်ဂူးမြို့က မြန်မာနိုင်ငံသား (၂) ဦး လိုက်ပါလာတယ်လို့ သိရတာကြောင့် စစ်ဆေးရာ ဖျားနာ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ မတွေ့ရှိရသည့်အပြင် COVID-19 လူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုမရှိဘူးလို့သိရပါတယ်။

ဒါပေမယ့် ရောဂါဖြစ်ပွားမှု မြင့်မားနေတဲ့ နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ရာဇဝင်ရှိတာကြောင့် အဆိုပါ မြန်မာနိုင်ငံသား (၂) ဦးကို တောင်ဥက္ကလာပအမျိုးသမီးနဲ့ ကလေးဆေးရုံကြီးမှာ (၁၄) ရက် ခွဲခြားထားပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုနေတယ်လို့သိရပါတယ်။

လက်ရှိ ကိုရီးယားနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၇၅၁၃ ဦးရှိပြီး သေဆုံးသူ ၅၄ ဦး သေဆုံးခဲ့တယ်လို့ COVID-19 ရောဂါအကြောင်း Live Update တင်ဆက်ပေးနေတဲ့ worldometers ဝက်ဘ်ဆိုဒ်ကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က