ကျူရှင်သင်တဲ့အပေါ် ဌာနဆိုင်စုံစမ်းစစ်ဆေးရေးအဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။

ကျောင်းချိန်ပြင်ပမှာ ကျူရှင်သင်ကြားတဲ့ ပညာရေးဝန်ထမ်းကျောင်းဆရာ/ဆရာမတွေကို ကိုဗစ်ကာလထုတ်ပြန်ညွှန်ကြားချက်နဲ့အညီသဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့အခြေခံပညာဦးစီးဌာနကသိရပါတယ်။

ကျောင်းအုပ်တွေအနေနဲ့ လည်း သက်ဆိုင်ရာ ပညာရေးဝန်ထမ်းဆရာ/ဆရာမတွေကျုရှင်သင်ကြားပါက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဥပဒေအရအရေးယူခြင်းခံရမယ့်ဆိုတာကို သိရှိပြီးလိုက်နာ ဆောင်ရွက်မယ့်အကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။သိရှိလိုက်နာမည်ဖြစ်ကြောင်းကိုတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ မြို့နယ်ပညာရေးမှူးရုံးကို ပြန်လည်ပေးပို့ရမယ်လို့သိရပါတယ်။



“ကျူရှင်ပြဿနာက အဓိကမြို့ကြီးတွေမှာဖြစ်တယ်။ ပမာဏကိုကြည့်မယ်ဆိုရင်တောကနည်းတယ်။ ရန်ကုန်ဆိုတိုင်စာရောက်တယ် ကျောင်းသားကို ကျူရှင်မတက်လို့ဆိုပြီး တိုင်စာတက်တယ်။အဲ့ဒါမျိုးတွေအရေးယူရတယ်။ ပညာရေးဝန်ကြီးဌာနကတော့ကျူရှင်သင်တာကိုအားမပေးပါဘူး။ကျူရှင်မတက်လို့ ခွဲခြားဆက်ဆံတယ် သင်ကြားရမယ့်ဟာတွေကို မသင်ကြားပေးဘူး လုပ်တယ်ဆိုပြီး မိဘက တိုင်ကြားလာရင် အရေးယူတာတွေရှိတယ်။ ခုလည်းရှိတယ်။ခုကိုဗစ်ကာလမှာတော့ ပိုတင်းကြပ်လိုက်တာဖြစ်တယ်။"လို့အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကပြောပါတယ်။

ကျူရင် ပြဿနာဟာကျေးလက် တောရွာတွေမှာ အရင်ကထက် လျော့နည်းသွားပေမယ့် မြို့ကြီးဖြစ်တဲ့ ရန်ကုန်အပါအဝင် မန္တလေး ၊ ခရိုင်အလိုက် မြို့နယ်တွေမှာတော့ခုချိန် အထိ မပျောက်ကင်းနိုင်သေးဘူးလို့ ဆိုပါတယ်။ “ကျူရှင်ကို အားပေးတာတော့မဟုတ်ဘူး။ ဒါပေမယ့်ခုက ကိုဗစ်ဖြစ်တော့ကျောင်းကလည်းမဖွင့်သေးဘူး။ သူတို့ ဆရာမကလည်းကျူရှင်ဖွင့်နေပြီ ကလေးတွေကတက်ချင်နေတော့ထားလိုက်တယ်။တစ်လကို ၅၀၀၀ ပေးရတယ်။ အန်တီမြေးလေးက ၄ တန်းတက်ရမှာပါ။"လို့ ပြည်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာနေထိုင်သူ ဒေါ်သန်းသန်းကပြောပါတယ်။

ကိုဗစ်ကာလမတိုင်မီအချိန်က ကျူရှင်သင်တဲ့အပေါ် တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ဌာနဆိုင်စုံစမ်းစစ်ဆေးရေးအဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။ ပြစ်ဒဏ်ကိုတော့ ကျူးလွန်တဲ့ လုပ်ရပ်အပေါ်မူတည် ချမှတ်တာဖြစ်ပြီး ကျောင်းသားအချင်းချင်းခွဲခြားဆက်ဆံတာ ၊ကျူရှင်သင်တာ မှန်ကန်ရင် ကနဦး အဖြစ်စာနဲ့သတိပေးပြီး ထပ်မံကျူးလွန်ခဲ့ရင်ဖြစ်စေ ၊ကျောင်းသူကျောင်းသားအပေါ် ပြင်းထန်တဲ့လုပ်ရပ်တစ်ခုခုလုပ်ခဲ့ရင် ရာထူးလျှော့ခြင်း ၊ နှစ်တိုးရပ်ခြင်း ၊ နေရာပြောင်းခြင်းစတဲ့ပြစ်ဒဏ်တွေချမှတ်တယ်လို့သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က