ရန်ကုန်မှာကျင်းပလာတာ နှစ် ၂၀ ကျော်ရှိပါပြီ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၂ ရက်က ရန်ကုန်မြို့ ယုဒသာခန်းမမှာကျင်းပခဲ့ပြီး နာဂလူမျိုး ၂၅၀ လောက် တတ်ရောက်ခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်မြို့မှာ နာဂလူမျိုးပေါင်း ၅၀၀ ဝန်းကျင်လောက်နေထိုင်ကြပြီး နှစ်စဉ် ရန်ကုန်ရောက် နာဂလူမျိုးတွေ တစ်စုတစ်စည်းတွေ့ဆုံနိုင်ဖို့အတွက် တစ်နှစ်ကို တစ်ကြိမ်ကျင်းပတဲ့ ရိုးရာပွဲတစ်ခုဖြစ်တယ်လို့ နာဂအမျိုးသားရေးရာကောင်စီမှ အတွင်းရေးမှူး ဦနော်အောင်ဆန်းက ပြောပါတယ်။



“ နှစ်စဉ်ကျင်းပတဲ့ ရိုးရာအထိမ်းအမှတ်ပွဲတစ်ခုပါ။ နာဂနှစ်သစ်ကူးနေ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့မှာကျင်းပမှာပါ။ ရန်ကုန်မှာတော့ အားလုံစုဆုံလို့ရမယ့်နေ့အဖြစ် ဒီနေ့ကို ရွေးချယ်ပြီးလုပ်လိုက်တာပါ။ ဒီနေ့ပွဲမှာတော့ နာဂလူမျိုးတွေရဲ့သမိုင်းကြောင်းကို နောက်မျိုးဆက်သစ်လူငယ်တွေကို ဝေမျှမယ်” လို့ ဦးနော်အောင်ဆန်းက ပြောပါတယ်။

ရန်ကုန်မြို့မှာ နှစ်သစ်ကူးပွဲတော်ကျင်းပလာတာ နှစ် ၂၀ ကျော်ရှိနေပြီး နာဂလူမျိုးတွေ ကောက်ရိတ်သိမ်းပြီး နှစ်တစ်နှစ်ကို မကူးခင်မှာ အနားယူတဲ့အချိန်မှာ လူမျိုးအချင်းချင်း ဖက်လှဲတကင်းနဲ့ ကောင်းချီးသြဘာပြုကြတဲ့ အနေနဲ့ ကျင်းပကြတယ်လို့သိရပါတယ်။

နှစ်သစ်ကူးပွဲမှာ နာဂလူမျိုးတွေဟာ မြေဝိုင်းအက နဲ့ကခုန်ခြင်း၊ခေါင်ရည်သောက်ခြင်း၊ လူကြီးတွေက လူငယ်တွေကို ကောင်းချီးသြဘာပြုခြင်းနဲ့ လာမယ့်နှစ်သစ်မှာ ဆန်ရေစပါးတိုးပွားဖို့အတွက် ဆုတောင်းမေတ္တာပို့သခြင်းတွေကို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

နာဂလူမျိုးတွေဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ အများဆုံးနေထိုင်ကြပြီး မြန်မာနိုင်ငံမှာတော့ လူဦးရေ ၃ သိန်းခွဲလောက်ရှိပြီး အိန္ဒိယနိုင်ငံမှာ ၂ သန်းကျော်လာက်ရှိတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က