ဆေးရုံအသစ်(၂)ခုဆောက်ဖို့လည်း ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

ရန်ကုန်မှာ Covid 19ကူးစက်ရောဂါဖြစ်ပွားလာပါက သီးသန့်ထားနိုင်ဖို့အတွက် တိုက်ခန်း(၅၀၀)လောက်အသင့်ပြင်ထားပြီးတော့ ဆေးရုံအသစ်နှစ်ခုဆောက်ဖို့ကိုလည်း ပြင်ဆင်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

မတ်လ(၂၁)ရက်နေ့က Covid19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်တဲ့ အခမ်းအနားမှာပြောကြားခဲ့တာပါ။



ပြင်ဆင်ထားတဲ့တိုက်ခန်း(၅၀၀)လောက်ကလည်း ကွန်ဒိုအဆင့်မြင့်တိုက်ခန်းတွေဖြစ်တယ်လို့သိရပါတယ်။ 

“ ရန်ကုန်မှာ ကူးစက်ရောဂါဖြစ်ပွားလာခဲ့ရင် ပြင်ဆင်ထားတာတွေရှိပါတယ်။ သီးသန့်ခွဲထားနိုင်ဖို့အတွက် တိုက်ခန်း(၅၀၀)လောက်ပြင်ဆင်ထားတယ်။ တိုက်ခန်းတွေကလည်း တကယ့်ကို ကွန်ဒိုလို အဆင့်မြင့်တိုက်ခန်းတွေပဲဖြစ်ပါတယ်။ ဒီအပြင် ရောဂါကူးစက်မှုတွေရှိလာရင် ရန်ကုန်ဆေးရုံကြီးအောက်ကနေ ထိန်းချုပ်နိုင်မယ့် ကုတင်(၃၀၀)ဆံ့ဆေးရုံ (၂)ခုလောက်ကို ချက်ချင်းအကောင်အထည်ဖော်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်” လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ Covid 19 ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှမရှိသေးပေမယ့် အခုချိန်မှာ ကကွယ်တားဆီးရေး လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဟာ လေကြောင်းနဲ့ ရေကြောင်းအဓိကဝင်ထွက်သွားလာနိုင်တဲ့ နေရာဖြစ့် ပြည်ပကဝင်ရောက်လာသူတွေကနေ ရောဂါကူးစက်မှုမရှိအောင် လေဆိပ်မှာလည်းကျန်းမာရေးစစ်ဆေးမှုနဲ့ ပတ်သက်လို့ ပိုပြီးအဆင့်မြင့်တင်ဖို့ကို ဆောင်ရွက်နေတယ်လို့ ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ(၃၁)ရက်ကနေ မတ်လ(၂၀)ရက်နေ့ထိ စောင့်ကြည့်လူနာနဲ့ သံသယလူနာတွေ့ရှိရမှုအခြေအနေကတော့ တစ်နိုင်ငံလုံးမှာ (၁၈၈)ယောက်ရှိပြီး ရန်ကုန်တိုင်းမှာ (၈၀)ဦး၊ ရှမ်းပြည်နယ်မှာ (၂၇)ဦး၊ မန္တလေးတိုင်းမှာ (၃၃)ဦးနဲ့ အခြားတိုင်းနဲ့ ပြည်နယ်မှာ (၄၈)ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က