လက်ရှိတော့တစ်တိုင်းလုံး Lock Down လုပ်ဖို့အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးရဲ့ စီးပွားရေးမြို့တော် ရန်ကုန်တိုင်းကိုသာ Lock Down လုပ်လိုက်မယ်ဆိုရင် တခြားဒေသတွေအတွက်လည်း အခက်အခဲရှိလာဖြစ်တာကြောင့် တစ်တိုင်းလုံး Lock Down လုပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားလိုက်ပါတယ်။

Photo- သင်္ကြန်ရက်ကာလအတွင်း ရန်ကုန်ုမြို့ မြင်ကွင်း



ဒီနေ့ ဧပြီလ ၂၀ ရက် က ဖောင်ကြီး၊ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ COVID-19 ကုသရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Duwun မီဒီယာရဲ့ အမေးကို ပြန်လည်ဖြေကြားခဲ့တာပါ။ လက်ရှိ နိုင်ငံရဲ့ အခြေအနေအရ ကူးစက်မှု အများဆုံးက ရန်ကုန်လို့ ဆိုရပေမယ့် တခြား နိုင်ငံတွေနဲ့ လေ့လာကြည့်မယ်ဆိုရင် နည်းနေသေးတယ်လို့ ဦးနိုင်ငံလင်းက သုံးသပ်ပြောဆိုပါတယ်။

ဒါပေမယ့် ရန်ကုန်မှာ ရောဂါကူးစက်မှု အလွန်များပြီး ထိန်းမနိုင်တဲ့အခြေအနေရောက်ခဲ့ရင်တော့ ပြည်ထောင်စုအစိုးရ၊ ကျန်းမာရေ ညွန်ကြားချက်အရ Lock Down လုပ်သင့်တယ်ဆိုရင် လုပ်ဆောင်သွားမယ်လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

“Lock Down လုပ်ခဲ့တဲ့နိုင်ငံတွေကို လေ့လာမယ်ဆိုရင် ကူးစက်မှု အရမ်းများပြီး မဖြစ်နိုင်တော့တဲ့အချိန်မှာလုပ်ကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလောက် မထိန်းနိုင် မသိမ်းနိုင်မဖြစ်သေးဘူး။ နောက်ပိုင်းမှာ အခြေအနေပေါ်မူတည်ပြီး လုပ်မယ်။ မလိုအပ်ရင် Lock Down မလုပ်ပါဘူး” လို့ ဦးနိုင်ငံလင်းက ဖြေကြားခဲ့တာပါ။

လက်ရှိ ရန်ကုန်တိုင်းအတွင်းက COVID-19 ကူးစက်မှုများပြားနေတဲ့ တောင်ဥက္ကလာပ ၊ ဗဟန်း၊ ပန်းဘဲတန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန် နဲ့ မရမ်းကုန်းမြို့နယ် စတဲ့ (၇) မြို့နယ်မှာ ဧပြီလ ၁၈ ရက်နေ့ကစပြီး Semi Lock Down ပြုလုပ်ထားတယ်လို့ အစိုးရက ကြေညာထားပါတယ်။

Semi Lock Down သတ်မှတ်ထားတဲ့ မြို့နယ်အတွင်း နေထိုင်တဲ့သူတွေကိုလည်း အသွားအလာကန့်သတ်ထားသလို ပြင်ပမှ လူများဝင်ရောက်ခွင့်ကိုလည်း တားမြစ်ထားတာဖြစ်ပါတယ်။ ဒီနေ့ ဧပြီလ ၂၁ ရက် ည ၈ နာရီအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၂၁ ဦးရှိပြီး ရန်ကုန်တိုင်းမှာ ၉၃ ဦးအထိ ရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က