မနက်ဖြန် ဇွန် ၂၂မှာလည်း လန်ဒန်မှာ ပိတ်မိနေတဲ့သင်္ဘောသား၂၅၀လောက် ပြန်လာမယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်လာကြတဲ့ ပြည်တော်ပြန်တွေအတွက် ကွာရန်တင်းထားရှိတဲ့နေရာမှာ လူပြည့်သွားရင် လေယာဉ်နဲ့ ပြန်ခေါ်တဲ့အစီအစဉ်တွေကို ခေတ္တရပ်နားဖို့ တင်ပြသွားမယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

ဓာတ်ပုံ - MOFA(ဗြိတိန်နှင့်ပနားမားဆိပ်ကမ်းတွေမှာ ပိတ်မိနေတဲ့ မြန်မာသင်္ဘောသားများ ပြန်လာစဥ််)

လက်ရှိမှာ ရန်ကုန်မြို့က Facilities ကွာရန်တင်း ၁၄ ခု၊ Hotel ကွာရန်တင်း ၁၉ ခု စုစုပေါင်း နေရာ ၃၃ ခုမှာ ပြည်ပကပြန်လာသူ ၃၀၀၀ နီးပါးကို အသွားအလာကန့်သတ်စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

“ လောလောဆယ်မှာတော့ ကွာရန်တင်းဝင်နေသူ ၃၀၀၀ ဝန်းကျင်လောက် ရှိပါတယ်။ ကွာရန်တင်းနေရာတွေ မပြည့်အောင် စီစဉ်ထားပြီး ဒီဖက်မှာ ကွာရန်တင်း နေရာပြည့်သွားရင်တော့ ကယ်ဆယ်ရေး လေယာဉ်ပြေးဆွဲမှုကို ခေတ္တစောင့်ခိုင်းရတာမျိုးလုပ်မလား။ နောက်ထပ် ကွာရန်တင်းနေရာတွေ စီစဉ်မလား စတာကိုတော့ တင်ပြသွားရမှာပါ။ လောလောဆယ်တော့ ဇွန်လကုန်အထိ ကွာရန်တင်းနေရာတွေ စီစဉ်ပေးနိုင်မှုက အဆင်ပြေပါတယ်။”လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

မနေ့က ဇွန် ၂၀ ရက်နေ့ကဆိုရင် ဗြိတိန်နဲ့ပနားမားမှာ ကျောက်ချရပ်နားထားရတဲ့ သင်္ဘောသား ၂၄၉ဦးနဲ့ ဗြိတိန်မှာပိတ်မိနေတဲ့ သံဃာတော်တစ်ပါး စုစုပေါင်း ၂၅၀ဦးဟာ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဟိုတယ်နဲ့ Facilities ကွာရန်တင်းနေရာတွေမှာ ထားရှိထားတယ်လို့သိရပါတယ်။

ဒါ့အပြင် မနက်ဖြန် ဇွန်လ ၂၂ ရက်မှာလည်း လန်ဒန်မှာ ပိတ်မိနေတဲ့ မြန်မာသဘောၤသားတွေအပါအဝင် အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသား ၂၅၀ဦး ထပ်မံရောက်ရှိလာမှာဖြစ်ပြီး သူတို့ကိုတော့ ဖောင်ကြီးကုသရေးစင်တာမှာ ကွာရန်တင်းထားမယ်လို့ ရန်ကုန်တိုင်းကျန်းမာ‌ရေးဦးစီးဌာနကသိရပါတယ်။

 ရန်ကုန်မြို့မှာ သတ်မှတ်ထားတဲ့ ကွာရန်တင်းနေရာတွေမှာ လူပြည့်သွားရင် နောက်ထပ် အရံနေရာအဖြစ် လူဦးရေ ၂၀၀ နီးပါး ဝင်ဆံ့တဲ့ လှော်ကားက ရဲအကြပ်အတတ်သင်တန်း ကျောင်းမှာထားရှိဖို့ စီစဉ်ထားတယ်လို့လည်းဆိုပါတယ်။

ဓာတ်ပုံ - MOFA(ဗြိတိန်နှင့်ပနားမားဆိပ်ကမ်းတွေမှာ ပိတ်မိနေတဲ့ မြန်မာသင်္ဘောသားများ ပြန်လာစဥ််)

အစိုးရကနေ မေလဆန်ပိုင်းက စပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူခဲ့ရာမှာ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူဟာ လက်ရှိအချိန်အထိ ၄၅၀၀ နီးပါးအထိ ရှိနေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေ၊ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေမှာ သောင်းနဲ့ချီတဲ့ မြန်မာတွေ ပြန်ဝင်ရောက်လာကြတဲ့အပြင် ချင်း-အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်-ရခိုင်နယ်စပ်ဂိတ်ကနေ ပြန်ဝင်လာသူတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မေလဒုတိယအပတ်ကစတင်ပြီး ဇွန်လ ၂၁ ရက် မနက်ပိုင်းအထိ ပြည်ပကပြန်လာသူ ၁၀၁ ဦးအထိ ရောဂါပိုးတွေ့ရှိထားခဲ့ရာမှာ ၂၅ ဦးကတော့ ပြန်လည်ကောင်းမွန်သွားပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က