ယခုလကုန်အထိ ခရီးစဉ်တွေ မရှိတော့ပါဘူး။

 လေကြောင်းလိုင်းအများစုက ဒီကနေ့ (သြဂုတ်လ ၂၀ ရက်) ကစပြီး ရန်ကုန်-စစ်တွေ ခရီးစဉ်ကို ရပ်နားလိုက်ပါပြီ။ ခရီးစဉ်ပြေးဆွဲမှုကို သက်ဆိုင်ရာက ရပ်နားဖို့ ညွှန်ကြားထားခြင်းမရှိပေမဲ့လည်း စစ်တွေကနေ ပြန်လာမယ့် သူတွေအနေနဲ့ ရန်ကုန်ရှိ Hotel များ၊ Facility Quarantine နေရာများတွင် (၁၄) ရက်တိတိ ကွာရန်တင်း ဝင်ရမှာ ဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးက Duwun ကို ပြောပါတယ်။

ရန်ကုန် - စစ်တွေ ခရီးစဉ်အတွက် Duwun က Sun Far Travels & Tours Co.,ltd ကို စုံစမ်းမေးမြန်းရာမှာ ရန်ကုန် - စစ်တွေ ပြေးဆွဲတဲ့ ပြည်တွင်းလေကြောင်းလိုင်း ၅ ခုထက်မနည်း ရှိပြီး Air Bagan မှ လွဲလို့ တခြားလေကြောင်းလိုင်းများက ပြေးဆွဲမှု ယာယီရပ်နားထားကြောင်း သိရပါတယ်။ လေကြောင်းလိုင်းများကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။



ပြည်တွင်းလေကြောင်းလိုင်းယာယီရပ်နားထားတာနဲ့ ပတ်သက်လို့ လေကြောင်းလိုင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှုး ဦးနေဝင်းကိို Duwun က မေးမြန်းရာ “လက်ရှိကတော့ ခရီးစဉ် ပိတ်တယ်ဆိုတဲ့ ညွှန်ကြားချက် တော့ မရှိသေးဘူး။ စစ်တွေက လာရောက်တဲ့ ခရီးသည်တွေကိုတော့ ကွာရန်တင်းလုပ်ဖို့ အကြောင်းကြားထားတာတွေတော့ ရှိပါတယ်။ အဲဒီတော့ လေကြောင်းလိုင်းတွေလည်း ဆက်ပြီးတော့ အကြောင်းကြားထားပါတယ်။ လေကြောင်းလိုင်းတွေကတော့ ကွာရန်တင်း လုပ်မယ်ဆိုရင် ခရီးသည်လာရောက်မှုနည်းမယ်၊ နည်းမယ်ဆိုရင် တချို့က ရပ်နားတာမျိုး ဖြစ်ချင်ဖြစ်မယ်ပေ့ါ။ ဒီဘက်ကတော့ ရပ်နားဖို့ ညွှန်ကြားထားတာမရှိဘူး” လို့ ဆိုပါတယ်။

စစ်တွေကနေ ရန်ကုန်သို့ လာရောက်မည့် ခရီးသည်တွေအနေနဲ့ ရန်ကုန်ရှိ Hotel၊ Facility Quarantine နေရာများတွင် (၁၄) ရက်တိတိ ကွာရန်တင်း ဝင်ရောက်ရမည်ဖြစ်တယ်လို့ ဦးနေဝင်းက ဆက်လက်ပြောပြခဲ့ပါတယ်။ စစ်တွေမြို့မှာ သြဂုတ်လ (၁၆)ရက် နေ့ကစပြီး ပြည်တွင်းကူးစက်သူ လူနာပြန်လည်ပေါ်ပေါက်ခဲ့ပြီး အခုဆိုရင် စစ်တွေမြို့မှာတင် ပြည်တွင်းကူးစက် သူ လူနာ (၆) ယောက် တိတိ ရှိခဲ့ပြီးနောက်ပိုင်း ယခုလို လေကြောင်းလိုင်းတချို့ ယာယီရပ်နားလိုက်တာ ဖြစ်ပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာပေါင်း ၃၉၆ ဦး ရှိခဲ့ပြီး (၆)ဦးသေဆုံးကာ ပိုးကင်းစင်သူဦးရေမှာ ၃၃၃ ဦး ရှိခဲ့ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ လက်ရှိ ပိုးတွေ့လူနာ ဦးရေ ဟာ ၅၇ ဦး တိတိ ကျန်ရှိလို့ နေခဲ့ပါတယ်။ အဆိုပါ လူနာ ၅၇ဦးထဲမှာ ပြည်တွင်းကူးစက်သူ လူနာဟာ (၆)ဦးတိတိဖြစ်ပြီး ကျန် ၅၁ဦးက ပြည်ပက ပြန်လာသူတွေ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က