အလုပ်ပြန်ရဖို့ တောင်းဆိုနေကြပါတယ်။

လိူင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ထဲက Dihuali အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်ကို အလုပ်ကနေ ဥပဒေမဲ့ ထုတ်လိုက်တာကြောင့် အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားပြီး မပြေလည်မှု ဖြစ်ပွားနေပါတယ်။

ဒါကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေဟာ အလုပ်ပြန်လည်ရရှိဖို့ စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံနိုင်ဖို့ အဲ့ဒီ Dihuali အထည်ချုပ်စက်ရုံအရှေ့မှာ ဒီကနေ့ဇူလိုင် ၃၀ ရက် မှာ တစ်နေ့လုံးနီးပါး စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

 "အလုပ်သမားတွေက လုပ်သားလျှော့တာနဲ့ပတ်သက်လို့ ကိုဗစ်ကြောင့်ပဲလို့သိရတယ်။ ကျန်တာဘာမှမသိရဘူး။ အလုပ်သမားတွေက တိကျသေချာတဲ့ဖြေရှင်းချက်သိရဖို့ စက်ရုံရှေ့ကို လာရောက်ပေမယ့် စက်ရုံက ဝင်ခွင့်မပေးတဲ့ အတွက် စောင့်ဆိုင်းနေရခြင်းဖြစ်တယ်။ အလုပ်သမားတွေ အချင်းချင်း ညှိနိူင်းဆွေးနွေးနေကြတာဖြစ်တယ်။ခုထိအလုပ်ရှင်အလုပ်သမားပြေလည်မှုမရသေးပါဘူး။ အလုပ်သမားတွေက ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ မနေ့က အလုပ်ချိန်ပြီးချိန်မှာလုပ်သားလျှော့တယ်ဆိုပြီး မိုက်နဲ့ကြေငြာပြီးတော့ စာကပ်တော့လည်း မပြဘူး။ခုလည်း စက်ရုံတံခါးကို ပိတ်ထားတယ်။ဥပဒေမဲ့လုပ်ရပ်ကို လက်မခံပါဘူး။"လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အထည်ချုပ်လုပ်ငန်း သမဂ္ဂ များအဖွဲ့ချုပ် ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်ကပြောပါတယ်။

Photo- FGWM (ဒီကနေ့ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းအထိ စက်ရုံရှေ့မှာ အလုပ်သမားတွေ တောင်းဆိုနေကြသည့်မြင်ကွင်း)

Dihuali အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၇၀၀ ကျော်ကို ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး အလုပ်ကနေထုတ်ပယ်ကြောင်းကို ကြိုတင်အသိပေးပြောဆိုထားခြင်းမရှိဘဲ ဇူလိုင်လ ၂၉ ရက်နေ့ အလုပ်သမားတွေ ညနေပိုင်း အလုပ်ဆင်းချိန်ကမှ ကပ်ပြီး ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

" ခုက ကိုဗစ်ကြောင့် အခြေအနေကမရတော့ဘူးလို့တော့ သိရတယ်။ဒါကြောင့် အလုပ်သမားတွေကို ဥပဒေနဲ့အညီ လျော်ကြေးပေးပြီးတော့ အလုပ်သမား ၅၀ ရာခိုင်နူန်းလောက်ကို လျှော့မယ်လို့တော့သိရတယ်။ဒီနေ့အခြေနေကိုတော့ သေချာမသိသေးဘူး"လို့ လိူင်သာယာ အနောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းကပြောပါတယ်။

အဲ့ဒီDihuali အထည်ချုပ်စက်ရုံဟာ ဂျာကင်တွေ အဓိကထုတ်လုပ်တာဖြစ်ပြိး စက်ရုံမှာ အလုပ်သမားပေါင်း ၁၅၀၀ လောက်ရှိတယ်လို့သိရပါတယ်။ အလုပ်ထုတ်ခံလိုက်ရသူတွေကိုဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ လျော်ကြေးရယူဖို့ ပြောထားကြောင်း၊ အလုပ်သမားတွကတော့ အလုပ်ကထုတ်ပယ်မှုကိုလက်မခံတာကြောင့် လျော်ကြေးလည်းမရယူဘဲ အလုပ်ရဖို့ကိုပဲ တောင်းဆိုနေကြတာဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)



က္က