တာမွေမြို့နယ်ကိုလည်း ကျန်းမာရေးစစ်တမ်းကောက်ယူမယ်လို့သိရပါတယ်။
Mi Thawdar Aung

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ လူဦးရေ တစ်သိန်းခွဲခန့်ကို မေလ ၁၆ ရက်နေ့မှာ ကျန်းမာရေးစစ်တမ်းကောက်ယူသွားမယ်လို့သိရပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းရှိ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်၊ ချန်းရီစက်ရုံ၊ ညောင်ရွာ/ဒိုင်စုကျေးရွာ၊ အတွင်းပဒံကျေးရွာ၊ အပြင်ပဒံကျေးရွာ၊ ကုလားကြီးစုကျေးရွာတို့မှာ အဖွဲ့ပေါင်း (၄၅၀) တို့က ကူးစက်ရောဂါရှာဖွေစုံစမ်းဖော်ထုတ်ခြင်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

“ တစ်ဖွဲ့ကို လူ လေးငါယောက်ပါဝင်တဲ့ အဖွဲ့ပေါင်း ၄၅၀ က လှိုင်သာယာမြို့နယ်အတွင်းက အိမ်တွေကို တစ်အိမ်တက်ဆင်း ကိုယ်အပူချိန်တိုင်းတာတွေ လုပ်မယ်။ ကျန်းမာရေးစစ်တမ်းတွေကောက်ယူမယ်။ ကျွန်တော်တို့ကတော့ လူဦးရေ ၁ သိန်းခွဲလောက်ကို စစ်တမ်းကောက်နိုင်ဖို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အခြေအနေအရ လူ တစ်သိန်းကျော်လောက်ပဲ စစ်နိုင်ရင် စစ်မယ်” လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။

အဆိုပါ ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ COVID-19 သံသယလက္ခဏာ၊ ဖျားနာလက္ခဏာတွေ ရှိလာခဲ့ရင် ကွာရန်တင်းစင်တာနဲ့ ဆေးရုံတွေကို တစ်ပါတည်းပို့ဆောင်နိုင်အောင် စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် တာမွေမြို့နယ်မှာလည်း လာမယ့် မေလ ၁၇ ရက်နေ့မှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သွားဖို့ ရှိနေတယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Duwun ကိုဖြေကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားနေတဲ့အင်းစိန်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေလ (၆) ရက်နေ့က ရပ်ကွက်လေးခုမှာ လူငါးသောင်းနီးပါးကို ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ပါတယ်။

ကျန်းမာရေးစစ်တမ်းကောက်ယူမှုအရ COVID-19 သံသယလက္ခဏာတွေ တွေ့ရှိခဲ့လို့ (၃) ဦးကို အင်းစိန် ဆေးရုံ၊ (၁၆) ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ခဲ့ပြီးနောက် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာမှာတော့ ပိုးမတွေ့ရှိခဲ့ဘူးလို့လည်းသိရပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၁၃ ရက် ည ၈ နာရီအထိ COVID-19 လူနာ ၁၈၁ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းမှာတော့ ၁၄၇ ဦးနဲ့ အများဆုံးဖြစ်ပွားနေပါတယ်။

ပိုးတွေ့လူနာ ၁၈၁ ဦးထဲမှာတော့ Negative နှစ်ကြိမ်ပြလို့ ရောဂါပိုးကင်းစင်သူ ၇၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပါတယ်။


က္က