လူနာနှစ်ဦးနေထိုင်ရာ (၁၃) ရပ်ကွက်အုတ်ကျင်းဘူတာလမ်းကို လော့ဒေါင်းလုပ်ထားပါတယ်။

သြဂုတ်လ ၂၇ ရက်ကနေ ၃၀ ရက်အထိ သုံးရက်အတွင်း လှိုင်မြို့နယ်မှာ ရခိုင်ပြည်နယ်က ပြန်လာသူ ၁၀၀ ကျော်ရှိတဲ့အနက် ၂ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်ထဲမှာ အတည်ပြုလူနာသစ် ၂၆ ဦးတွေ့ရှိခဲ့ရာ ကျောက်ဖြူမြို့နယ်က လူနာအမှတ် ၅၀၅ နဲ့ ထိတွေ့ဆက်စပ်ပြီး ပိုးတွေ့ခဲ့တဲ့ လှိုင်မြို့နယ်က ၂ဦးပါဝင်ခဲ့ပါတယ်။ လှိုင်မြို့နယ်က လူနာနှစ်ဦးမှာ လူနာအမှတ် ၇၇၂ နဲ့ ၇၇၃ တို့ဖြစ်ပြီး ရခိုင်ပြည်နယ်က သြဂုတ်လ ၂၄ ရက်က ပြန်ရောက်ပြီး ၂၆ ရက်မှာ ကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့တယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Duwun ကိုပြောပါတယ်။



“ ကျောက်ဖြူက လူနာအမှတ် ၅၀၅ နဲ့ ထိတွေ့ထားသူက လောလောဆယ် သူတို့ ၂ဦးပဲ ရှိသေးတယ်လို့သိရပါတယ်။ ဒီည သူတို့နှစ်ဦးနေတဲ့ နေအိမ်ကို လော့ဒေါင်းလုပ်လိုက်တယ်။ ဘာအလုပ်လုပ်ကိုင်တာလဲ မသိဘူး။ ဘာအကြောင်းကြောင့် ရခိုင်ပြည်နယ်ကိုသွားတယ်ဆိုတာလဲမသိဘူး။ ကျန်းမာရေးဌာနက ပြောတာကတော့ သူတို့ကိုအချက်အလက်တွေ မေးလို့မရဘူး။ သူတို့က မပြောဘူးလို့ ပြောတယ်” လို့ ဦးအောင်ကျော်ကျော်ဦးက ဆိုပါတယ်။ ဒါ့အပြင် လှိုင်မြို့နယ်အတွင်း သြဂုတ်လ ၂၇ ရက်နေ ၃၀ ရက်အထိ မိမိအစီအစဉ်နဲ့ ရခိုင်ပြည်နယ်က ပြန်လာသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့လည်းသိရပါတယ်။

“လေယာဉ်နဲ့ အဝေးပြေးကားနဲ့ဝင်တဲ့သူတွေက တစ်ခါတည်းကွာရန်တင်းဝင်ကြတာ။ အခု ပြန်လာတဲ့ ၁၀၀ ကျော်က ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာပြီးတော့ မြို့နယ်ထဲကို ဝင်လာတာပေါ့။ ၁၀၀ ကိုတော့ ဓာတ်ခွဲနမူနာ စစ်တာ ပိုးမတွေ့ဘူး။ အခု ၃၃ ယောက် ထပ်စစ်ထားတယ်။ မနက်ဖြန် မနက် ၈ နာရီမှ သိရမှာပါ။” လို့ ဦးအောင်ကျော်ကျော်ဦးက Duwun ကိုပြောပါတယ်။

ဒီနေ့ သြဂုတ်လ ၃၀ ရက် ည ၈နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၂၆ ဦးရှိခဲ့ရာမှာ ၂၁ ဦးက ရခိုင်ပြည်နယ်က ဖြစ်ပြီး ၅ ဦးမှာ ရန်ကုန်တိုင်းက ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပိုးတွေ့လူနာ ၂၆ ဦးကတော့ ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့က ၈ ဦး၊ မင်းပြား ၄ ဦး၊ ကျောက်တောမြို့က ၁ ဦး၊ ပေါက်တော ၆ ဦး၊ ပုဏ္ဍားကျွန်းက ၂ ဦး၊ ရန်ကုန်တိုင်းအတွင်း ပုဇွန်တောင်မြို့နယ်က ၁ ဦး၊ လှိုင်မြို့နယ်က ၂ ဦး၊ မြောက်ဒဂုံမြို့နယ်က ၁ ဦးနဲ့ မင်္ဂလာဒုံမြို့နယ်က ၁ ဦးတို့ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က