ပြည်နယ်အတွင်း အရေးကြီးကာလသတ်မှတ်
Mi Thawdar Aung

လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ထားရှိတဲ့ ကန္ဒာဟေဝန်ပန်းခြံမှာ သံဆူးကြိုးတွေ ကာထားပြီး ရဲအင်အားအများစုနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Photo- Kayan New Generation Youth (ဖေဖော်ဝါရီလက ကြေးရုပ်ရွှေ့ဆိုင်းရေးဆန္ဒပြကြစဉ်)


“ကြေးရုပ်ရှိတဲ့ ပန်းခြံ အနီးတစ်ဝိုက်မှာ ရဲတွေ လုံခြုံရေးချထားတယ်။ ဘော်လခဲတို့မှာလည်း သံလွင်တံတားမှာ ရဲတွေ တစ်ချို့ ချထားတယ်။ အစစ်အဆေးတွေရှိတယ်လို့လည်း ကြားရပါတယ်။ ဆန္ဒပြပွဲတွေမလုပ်ဖို့လည်း အမိန့်ကြေညာစာတွေ ထွက်လာတယ်” လို့ ကြေးရုပ်ရွှေ့ဆိုင်းရေးကော်မတီတာဝန်ရှိသူ ကိုဒီးဒီက Duwun ကို ပြောပါတယ်။

မေလ ၁၄ ရက်က ပြုလုပ်တဲ့ ကြေးရုပ်ရွှေ့ပြောင်းရေးညှိနှိုင်းအစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်က ကြေးရုပ်ကို လုံး၀ မရွှေ့ဆိုင်းနိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ကယားပြည်နယ်အတွင်း အရေးကြီးကာလသတ်မှတ်ပြီး နယ်မြေလုံခြုံရေးနဲ့ ရုံးလုံခြုံရေးကို တင်းကျပ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပြည်နယ်အတွင်း ထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားလာခဲ့ရင် တင်ပြကြဖို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးကလည်း သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရွေ့ဆိုင်းရေးကို ကြေးရုပ်ရွှေ့ဆိုင်းရေး ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ ကရင်နီလူငယ်တွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖယ်ရှားဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး အချိန်ကာလအတိအကျကိုတော့ ပြောလို့မရသေးဘူးလို့ ကိုဒီးဒီက ပြောပါတယ်။

“ ဒီကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်လို့တောင်သတ်မှတ်ရမှာပါ။ ဖယ်ရှားဖို့အတွက်ကတော့ အချိန် အတိအကျ ပြောလို့မရသသေးပါဘူး။ အခုလို အများပြည်သူ အပန်းဖြေမယ့်နေရာမှာ ရဲတွေနဲ့ လုံခြုံရေးချထားရတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို လူတွေ မနှစ်သက်တဲ့ပုံစံဖြစ်အောင် အစိုးရက ဖန်တီးနေတယ်လို့တောင် မြင်ပါတယ်” လို့ ကိုဒီးဒီက ဆိုပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရဝန်ကြီးချုပ်က မေလ ၇ ရက်နေ့ အစည်းအဝေးမှာ ဖယ်ရှားပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် မေလ ၁၄ ရက်နေ့ အစည်းအဝေးမှာတော့ မရွှေ့ဆိုင်းပေးနိုင်ကြောင်း ဝန်ကြီးချုပ်က ပြန်လည် ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွိုင်ကော် ပန်းခြံထဲကနေ ဖယ်ရှားရေးတောင်းဆို ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရတဲ့ အတွက် လူငယ်တချို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က