ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ် ပြဌာန်းချက်တွေအရသိရပါ တယ်။
Thin Nu Swe

ယာဉ်မှတ်ပုံတင် ပြုလုပ်ထားခြင်းမရှိတဲ့ မော်တော်ယာဉ်ကို မောင်းနှင်မယ်ဆိုရင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်အ​ရေးယူ​နိုင်ပြီဖြစ်တယ်လို့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ် ပြဌာန်းချက်တွေအရသိရပါ တယ်။

မှတ်ပုံမတင်ဘဲ မော်တော်ယာဉ်မောင်းနှင်ခြင်း၊ ရပ်နားခြင်းများ တွေ့ရှိပါက ထောင်ဒဏ် သုံးနှစ်နှင့်ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမှာဖြစ်ပါတယ်။ ယာဉ်မောင်းစဉ်ဖုန်းအသုံးပြုပါကလည်း ဒဏ်ငွေ သုံးသောင်းကျပ်၊ ယာဉ်မောင်းနေစဉ်အတွင်း ခါးပတ်မပတ်ပါက ဒဏ်ငွေ သုံးသောင်းအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။

ဒီ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်ကို ပြီးခဲ့တဲ့မေလ တတိယပတ်က ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

"ယာဉ်ထိန်းရဲတွေအနေနဲ့ကတော့ လိုင်စင်မဲ့ကားတွေကို အရင်ကလည်း ဥပဒေပြဌာန်းချက်အတိုင်းဖမ်းဆီးဆောင်ရွက်တယ်။ အရေးယူတဲ့အပိုင်းကိုက တရားရုံးကဆောင်ရွက်တာဖြစ်တယ်။ ပြစ်ဒဏ်က ထောင်ဒဏ်ချနိုင်သလို ငွေဒဏ်လည်းချနိုင်တယ်။ ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်တယ်" လို့ အမှတ်- ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲရေးဥပဒေမှာ အခန်း ၁၅ ခန်းပါဝင်ပြီးတော့ အခန်း ၁၄ မှာတော့

 "မှတ်ပုံတင်ထားခြင်း မရှိသည့် မော်တော်ယာဉ်ကို သီးခြားခွင့်ပြုထားသည့်နေရာမှအပ အများပြည်သူဆိုင်ရာ နေရာအပါအဝင် မည်သည့်နေရာတွင်မျှ မောင်းနှင်ခြင်းရပ်နားခြင်းမပြုရန်၊ ဦးစီးဌာနကထုတ်ပြန်ထားသည့် စာတမ်းအမှတ်အသားကို မှတ်ပုံတင်ထားခြင်းမရှိသော မော်တော်ယာဉ်တွင်ပြောင်းလဲအသုံးမပြုရန်ပါရှိပါတယ်။

ဒါ့အပြင် ဥပဒေနှင့်အညီ အခွင့်အာဏာမရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည် ရုပ်သဏ္ဌာန် ပျက်ပြားစေသည့်အထိ ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ပါကလည်း ယင်းကိစ္စအားလုံးကို ထောင်ဒဏ်နှင့် ငွေဒဏ်၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးကို ချမှတ်မည်"ဖြစ်ကြောင်း ပြဌာန်းလိုက်တာဖြစ်ပါတယ်။

"ဥပဒေမလိုက်နာ စည်းကမ်းဖောက်ဖျက်ရင် တကယ်တင်းတင်းကြပ်ကြပ်လုပ်စေချင်တယ်။တပြေးညီပေါ့။ တယောက်ကို တစ်မျိုး တော့ မဖြစ်စေချင်ဘူး။ သတ်မှတ်စည်းကမ်းဖောက်ဖျက်တာမှန်ရင် ဥပဒေအတိုင်းသာ ဖြစ်စေချင်တယ်။ ဒါမှ အားလုံးက လေးစားလိုက်နာမယ်၊ဥပဒေတွေကတော့ပြဋ္ဌာန်းနေတာပဲ တကယ်လိုက်လုပ်ဖို့ပဲ လိုနေတာပါ"လို့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းဟန်ကပြောပါတယ်။

ယခင် ပြဌာန်းထားတဲ့ ၂၀၁၅ မော်တော်ယာဉ်ဥပဒေမှာတော့စည်းကမ်းဖောက်ဖျက် ရင် ထောင်ဒဏ်တစ်လနှင့်ငွေကျပ် ငါးသောင်း၊ သို့မဟုတ်ထောင်ဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ ​ဖော်ပြထားပါ တယ်။

(အလွတ်သတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။)


က္က