ကောလဟလသတင်းကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။
Mi Thawdar Aung

ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် ၉ နာရီ ၅၄ မိနစ်က လှုပ်သွားတဲ့ ငလျင်ကြောင့် တာမွေမြို့နယ် အာသောကလမ်းရှိ တိုက်တွေနဲ့ ယုဇနပလာဇာ အရှေ့က တိုက်တွေ စောင်းသွားတယ်၊ လန်သွားတယ်လို့ ပြောဆိုနေကြသည်မှာ ကောလဟလသာဖြစ်တယ်လို့ အဆိုပါ တိုက်ခန်းများမှ နေထိုင်သူအချို့က Duwun ကိုပြောပါတယ်။

(တာမွေမြို့နယ် အာသောကလမ်းရှိ တိုက်ကိုမြင်တွေ့ရစဥ်)

အဆိုပါ တိုက်တွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ဝန်းကျင်လောက်ကတည်းက စောင်းနေတာဖြစ်ပြီး ငလျင်ကြောင့် စောင်းတာ လုံးမဝမဟုတ်ဘူးလို့ အာသောကလမ်းရှိ တိုက်ခန်းမှာ ဆယ်နှစ်ကြာ နေထိုင်သူတစ်ဦးဖြစ်တဲ့ ဆိုပါတယ်။

“ ဒီတိုက်က နဂိုကတည်းက စောင်းနေတာပါ။ အခုမှ ဖြစ်တာမဟုတ်ဘူး။ အရင်သတိမထားမိတဲ့လူက ပြောတာဖြစ်ပါလိမ့်မယ်။ ဒီတိုက်ကြီး ပြိုသွားတယ်ဆိုပြီး အပြင်မှာ ပြောနေကြလို့ ဖြေရှင်းနေရတယ်” လို့ ကိုမောင်မောင်က Duwun ကိုပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီး တိုက်ခန်းတွေ စောင်းသွားတယ်ဆိုတဲ့ ကောလဟလကြောင့် အဲဒီတိုက်ခန်းတွေမှာ နေထိုင်သူတွေနဲ့ အနီးအနားကလူတွေက နေအိမ်တွေမှာ မနေရဲကြတော့ဘဲ အောက်ကို ဆင်းပြေးလာခဲ့ပါတယ်။ ည ၁၁ နာရီ ဝန်းကျင်လောက်အထိ တိုက်တွေပေါ်ပြန်မတက်ရဲကြဘဲ လမ်းမတွေပေါ်မှာ လူစုလူဝေးနဲ့ ရှိနေကြတာကိုလည်း Duwun က သတင်းသွားရောက်ရယူရာမှာ မြင်တွေ့ခဲ့ရပါတယ်။

(ငလျင်လှုပ်ပြီးနောက် ယုဇနပလာဇာရှေ့မှာ တွေ့ရသည့် ပြည်သူများ)

တာမွေမြို့နယ် ဗညားဒလလမ်းပေါ်က ယုဇနပလာဇာ မျက်နှာချင်းဆိုင်က တိုက်တွေလည် လန်သွားတယ်ဆိုပြီး ပြောဆိုနေကြတာကြောင့် အိမ်ပေါ်ကနေ ပြေးဆင်းလာခဲ့ရတယ်လို့ အဆိုပါ တိုက်ခန်းမှာ နှစ် ၂၀ ကျော် နေထိုင်သူ ဦးစိန်က Duwun ကိုပြောပါတယ်။ “ ကျွန်တော် ဒီတိုက်မှာ အနှစ် ၂၀ ကျော်ပြီ။ တိုက်ကြီး စောင်းသွားတယ် ဆင်းကြဆိုပြီး အောက်က လူတွေက အော်တော့ ဦးတို့လည်း ဆင်းပြေးလာခဲ့ရတယ်။ အမှန်ကတော့ဘာမှ မဖြစ်ပါဘူး။ နဂိုကတည်းက ဒီတိုက်တွေက လန်နေတာပါ။ “ လို့ ဦးစိန်က ဆိုပါတယ်။

ဒီကနေ့ ည ၉ နာရီ ၅၄ မိနစ် ၃၁ စက္ကန့် အချိန်မှာ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး (၄.၁) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲက သတင်းထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်မှု ဒဏ်ကို ရန်ကုန်မြို့နေ ပြည်သူ အများ သိသိသာသာ ခံစားခဲ့ရပြီး လူမှုကွန်ရက်မှာလည်း ငလျင်လှုပ်ခတ်သွားကြောင်း ရေးသားထားတဲ့ စာတွေကို ဆက်တိုက် မြင်တွေ့ခဲ့ရပါတယ်။


က္က