ချေးငွေကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေရဲ့ အထွေထွေပိုလျှံရန်ပုံငွေကနေ ကျပ် (၁၀၀) ဘီလီယံ ထုတ်ချေးမှာဖြစ်ပါတယ်။

လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်တွေကို ကိုဗစ်ကာလ အရင်းအနှီးချေးငွေအဖြစ် အစိုးရကငွေကျပ် ၃၅ သိန်းကနေ သိန်း ၁၀၀ အထိ ထုတ်ချေးပေးမယ့်အစီအစဉ်ကို ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးမယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။

 ချေးငွေထုတ်ချေးရာမှာ ကိုဗစ်ကြောင့်စီးပွားရေးထိခိုက်မှုဖြစ်ပွားခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်တွေကို အဓိကထုတ်ချေးဖို့ စီစဉ်ထားယ်လို့သိရပါတယ်။ ဆိုင်အရွယ်အစားသတ်မှတ်ချက်အပေါ်မူတည်ပြီး ဆိုင်အငယ်ကို ငွေကျပ် ၃၅ သိန်း၊ ဆိုင်လတ်ကို ကျပ်သိန်းချေးငွေ ကျပ်၇၀ သိန်း ၊ ဆိုင်ကြီးကိုချေးငွေ ကျပ် ၁၀၀သိန်း အထိထုတ်ချေးပေးမှာဖြစ်ပါတယ်။ "ဒီချေးငွေတွေကို ခု ဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ပေးမှာပါ။ ငွေထုတ်ချေးတဲ့အခါ မြန်မာ့စီးပွားရေးဘဏ်ကနေ အသေးစားငွေရေးကြေးရေး လုပ်ငန်းတွေကို ၁ ရာခိုင်နူန်းနဲ့ ချေးမယ်။အဲ့ဒီကမှ ဆိုင်ပိုင်ရှင်တွေက ၂ ရာခိုင်နှုန်း နဲ့ ပြန်ချေးယူရမှာဖြစ်တယ်"လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကပြောပါတယ်။



ချေးငွေရယူမယ့် ဆိုင်ရှင်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းယာယီပိတ်သိမ်း ခဲ့ရတဲ့အထိ ထိခိုက်မှုရှိတဲ့ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်တွေ ဖြစ်ရမယ့်အပြင် ဆိုင်ဖွင့်လှစ်မှုသက်တမ်း (၁) နှစ်နှင့်အထက်ရှိပြီးကိုယ်ပိုင်မြေ၊ အဆောက်အဦးပေါ်မှာဖြစ်စေ၊ တရားဝင်ငှားရမ်းပြီးဖြစ်စေအခြေတကျ ဖွင့်လှစ်ထားတဲ့အထောက်အထား တင်ပြရမှာဖြစ်ပါတယ်။

နောက်ပြီးသက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေး အဖွဲ့တွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိဖို့ လိုအပ်ပြီး အကယ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် မရှိပါကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရဲ့ ဆိုင်ဖွင့်လှစ်ထားကြောင်းထောက်ခံချက် တင်ပြဖို့လိုအပ်တယ်လို့သိရပါတယ်။

"ချေးငွေရမယ်ဆိုလို့တော့ ဝမ်းသာမိတယ်။ ဘာဖြစ်ဖြစ် လျှောက်တော့ကြည့်ရမှာပေါ့။ တကယ်လိုအပ်သူတွေကို အမှန်တကယ်ထုတ်ပေးရင် အကောင်းဆုံးပါ။ လက်ဘက်ရည်ဆိုင်အတွက်ကတော့ ၃၅ သိန်းပဲရရ ၊ ၇၀ ပဲရရ ခုကာလ အရင်းအနှီးတစ်ခုတော့ဖြစ်ပါတယ်။ချေးငွေကာလ တိုတာကတော့ သိပိသဘောမကျဘူး"လို့ ပြည်မြို့နယ်က လက်ဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူက ကိုစိုးမိုးကပြောပါတယ်။

ချေးငွေရယူမယ့် ဆိုင်ရှင်တွေဟာ လိုအပ်တဲ့ ပိုင်ဆိုင်မှုအထောက်အထား စာရွက် စာတမ်း ဒါ မဟုတ် အနည်းဆုံး အာမခံသူ ၂ ဦး တင်ပြဖို့လိုအပ်ပြီး ချေးငွေသက်တမ်းက တစ်နှစ်ဖြစ်ပါတယ်။ အဆိုပါချေးငွေကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေရဲ့ အထွေထွေပိုလျှံရန်ပုံငွေကနေ ကျပ် (၁၀၀) ဘီလီယံ ထုတ်ချေးမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က