မော်လမြိုင်ကမ်းနားလမ်းမှာ ဖြစ်ပွားခဲ့တာပါ။
Mi Thawdar Aung

 ဒီကနေ့ ဒီဇင်ဘာ (၈) ရက် မနက် ၁၂ နာရီ ၄ မိနစ်ခန့်ကမော်လမြိုင်ကမ်းနားလမ်းနဲ့ သူဇာလမ်းထောင့်မှာ ကားတစ်စီး အရှိန်ပြင်းမောင်းလာပြီး ပလက်ဖောင်းပေါ်ထိုင်နေကြသူတွေနဲ့ လမ်းဘေးရပ်ထားတဲ့ဆိုင်ကယ် (၃) စီးကို ဝင်တိုက်ခဲ့တယ်လို့ ဘိုဘိုဝင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

Photo- Bo Win

အသက် (၂၀) ကျော်အရွယ် လူငယ်နှစ်ဦးမောင်းနှင်လာတဲ့ Suzuki Ciaz ယာဉ်ဟာ မော်လမြိုင် ကမ်းနားလမ်းအတိုင်း မောင်းလာပြီး ယာဉ်ဆင့်တိုက်မှုဖြစ်ပွားကာ ယာဉ်ပေါ်က လူ (၁) ဦးနဲ့ လမ်းဘေးပလက်ဖောင်းပေါ်ထိုင်နေသူ (၁) ဦးတို့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီနေ့ မနက် ၁၂ နာရီ ၄ မိနစ်လောက်က ဖြစ်တာ။ အဲဒီ Suzuki Ciaz ကားက ဟိုက်ဂျက်နဲ့ အရင်တိုက်တယ်။ပြီးတော့ သစ်ပင်ကိုဝင်တိုက်ပြီး လမ်းဘေးမှာ ထိုင်နေတဲ့သူတွေရော ဆိုင်ကယ်တွေရော အကုန် ဝင်တိုက်သွားတယ်။ “ကူညီကယ်ဆယ်ရေးဆောင်ရွက်သူကို ဘိုဘိုဝင်းက Duwun ကိုပြောပါတယ်။

Suzuki Ciaz ကားထဲမှာ လူ (၂) ဦး ညပ်နေတာကြောင့် မော်လမြိုင်ခရိုင်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းကာ Cutter ကြီးတွေနဲ့ ဖြတ်တောက်ပြီး ကယ်ထုတ်ခဲ့ရတယ်လို့သိရပါတယ်။

Photo- Bo Win

ကားပေါ်ပါလာသူ (၂) ဦးမှာ (၁) ဦးသေဆုံးသွားခဲ့ပြီး လမ်းဘေးပလက်ဖောင်းပေါ်ထိုင်နေသူ တစ်ဦးတို့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်(၁) ဦးအပါအဝင် လူ (၅) ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးကိုအရေးပေါ် ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။


က္က