ဒီနေ့စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်းက မြို့နယ်အများစုမှာ လမ်းတွေကို ပိတ်ဆို့ထားလိုက်တာက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Stay Home သတ်မှတ်ချက်တွေမှာ ပါဝင်တဲ့ စည်းမျဉ်းတွေအတိုင်းလုပ်ဆောင်ရတာဖြစ်တယ်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ရပ်ကွက်တွေ၊ လမ်းတွေမှာ နေထိုင်တဲ့သူတွေကလွဲပြီး အပြင်လူတွေကို လုံး၀ ဝင်ခွင့်မပြုတော့ဘဲ Stay Home သတ်မှတ်ချက်အတိုင်း အလုပ်တာဝန်ရှိသူတွေကလွဲရင် ကျန်သူတွေအပြင်မထွက်ကြဖို့၊ ဈေးဝယ်ရင် တစ်အိမ်ကို တစ်ဦးသာသွားဖို့၊ ဆေးရုံ၊ဆေးခန်းသွားဖို့ ရှိရင်လည်းတစ်အိမ်ကို နှစ်ဦးသာသွားဖို့၊ ပြင်ပကားတွေကို လုံး၀၀င်ခွင့်မပြုဖို့ စတဲ့ ကန့်သတ်ချက်တွေအတိုင်း ဆောင်ရွက်တာကြောင့် အဝင်၊အထွက်တွေကို စိစစ်တာဖြစ်တယ်လို့လည်း မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က Duwun ကို ပြောပါတယ်။



“ ကျွန်တော်တို့က ပိတ်တာမဟုတ်ပါဘူး။ အပြင်လူတွေကို အဝင်အထွက်မရှိစေရေးအတွက် စစ်ဆေးခြင်းဖြစ်ပါတယ်။ လမ်းထဲမှာရှိတဲ့လူရဲ့ အဝင်၊အထွက် စောင့်ကြပ်တာဖြစ်ပါတယ်။ ပြင်ပက အဝင်၊အထွက်ကို လက်မခံပါဘူး။ ဒီညွှန်ကြားချက်က Stay Home စည်းမျဉ်းအတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်ကလည်း ပိုးတွေ့လူနာအများဆုံးမြို့နယ်တစ်ခုပါ။ ဒါကြောင့် မြို့နယ်အနေနဲ့ စီစဉ်ပြီးလုပ်တာဖြစ်ပါတယ်။ ဒီလို ကန့်သတ်ခြင်းက Stay Home အမိန့် မပြယ်မချင်း ကျွန်တော်တို့လုပ်မှာဖြစ်ပါတယ်။” လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။အခုလို ရပ်ကွက်တွေက လမ်းတွေကို တားမြစ်ကန့်သတ်လိုက်တဲ့အပေါ် ရပ်ကွက်နေပြည်သူအချို့မှာလည်း အခက်အခဲတွေ ရှိနေတာကြောင့် ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

“ ကျွန်တော်တို့ မြို့နယ်မှာဆိုရင် အိမ်အပြင်ထွက်ရင် တုံကင်စနစ်နဲ့ တစ်ယောက်ပဲ အပြင်ထွက်ခွင့်ရတာမျိုးရှိတယ်။တုံကင်ကတ်ပြားရတဲ့သူက အလုပ်သွားလိုက်ရင် ကျန်တဲ့ အိမ်မှာရှိတဲ့သူတွေက ဈေးသွားချင်တာ၊ တစ်ခုခု အပြင်သွားဖို့ ကြုံလာရင် ဘယ်လိုလုပ်မလဲပေါ့။ ဒီလို အခက်အခဲလေးတွေတော့ ရှိပါတယ်” လို့ ဒေါပုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ဆိုပါတယ်။ဒါ့အပြင် အခုလို လမ်းသွယ်တွေကို ပိတ်ဆို့ထားတာကြောင့် အလုပ်သွားမယ့်သူတွေအနေနဲ့ အပြင်ကို ထွက်ပြီး ကားငှားရတာတွေ၊ အစားအသောက်မှာချင်တဲ့သူတွေအတွက် ပို့ဆောင်သူတွေက အိမ်ထိ လာပို့လို့မရတော့တာတွေက ရပ်ကွက်နေပြည်သူအချို့မှာ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။“ကျွန်တော်တို့ အွန်လိုင်းကနေ အစားသောက်မှာတယ်ဆိုရင် ပို့တဲ့သူက အိမ်အောက်ထိ လာလို့မရတော့ဘူး။ အဲဒါဆို လမ်းထိပ်ထွက်ရတယ်။ ဒါဆိုရင် လမ်းပေါ် ထွက်သလိုပဲ ဖြစ်နေတယ်။ နောက်ပြီးတော့ တစ်အိမ်ကို တစ်ယောက်ပဲ လို့ ပြောပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လမ်းထိပ်မှာ လူစုလူဝေးနဲ့ စောင့်ကြပ်နေတယ်။ ဒါတွေကရော ရောဂါပိုး ကူးစက်မှု မဖြစ်နိုင်ဘူးလားပေါ့။ ဒီလို ထိန်းချုပ်မှုတွေ လုပ်မယ်ဆိုရင် ဘက်ပေါင်းစုံက စဉ်းစားဖို့ လိုပါတယ်” လို့ လမ်းမတော်မြို့နယ်မှာနေထိုင်သူတစ်ဦးကဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ လုံး၀ ကန့်သတ်ပိတ်ဆို့လိုက်တာမဟုတ်ဘဲ ရောဂါပိုးကူးစက်မှု အခြေအနေတွေကို မြို့နယ်အလိုက် ထိန်းချုပ်တဲ့အနေနဲ့ ယာယီတားမြစ်ရတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

“ လုံးဝပိတ်တာမဟုတ်ပါဘူး။ အထိန်းအကွပ်လေးလုပ်လိုက်တဲ့သဘောပါ။ အကြောင်းကြောင်းကြောင့်ဝင်ထွက်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားရမယ်။ ဒီလိုသဘောလေးပါ။ အခြေအနေပေါ်မူတည်ပြီး ဝင်ထွက်ခွင့်ရတဲ့သူဆို ခွင့်ပေးမယ်။ “လို့ ဗိုလ်တထောင်မြို့နယ်အုပ်ချုပ်ရေးမှူးက Duwun ကို ပြောပါတယ်။ စက်တင်ဘာ ၁၁ ရက်က စပြီး အောက်တိုဘာ (၁) ရက်အထိ ရန်ကုန်မြို့နေ ပြည်သူတွေ အနေနဲ့ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးကိစ္စကလွဲပြီး ရန်ကုန်တိုင်းပြင်ပခရီးမသွားကြဖို့ ရန်ကုန်တိုင်းအစိုးရက အမိန့်ထုတ်ပြန် တားမြစ်လိုက်ပြီးနောက် ဒီနေ့ မနက်ပိုင်းမှာလည်း Stay at Home မြို့နယ်တွေမှာ လမ်းသွယ်တွေကိုစတင်ပိတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း ရန်ကုန်မြို့ အဝင်၊အထွက်ဂိတ်တွေမှာ စိစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်းဝင်မယ့်သူတွေအနေနဲ့ မဖြစ်မနေ ကွာရန်တင်းဝင်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က