ဟိုတယ်ဝန်ထမ်းအချို့သာ ဝင်၊ထွက်သွားလာခြင်းဖြစ်တယ်လို့ လွှတ်တော်အမတ်ကပြောပါတယ်။

အစိုးရရဲ့ အစီအစဉ်နဲ့ အိန္ဒိယကနေပြန်လာတဲ့ သူအချို့ကို Quarantine ထားရှိတဲ့ မြောက်ဒဂုံမြို့နယ်ရှိ ဘိုဘိုမင်းဟိုတယ်ကို ဒီကနေ့ကစပြီး အသွားအလာကန့်သတ်လိုက်ပါပြီ။

အဆိုပါဟိုတယ်ကို အသွားအလာကန့်သတ်လိုက်ပေမယ့်လည်း ဟိုတယ်နောက်ဖေးပေါက်ကနေတစ်ဆင့် ဝင်ထွက်သွားလာမှုတွေရှိနေတယ်လို့လည်း ပတ်ဝန်းကျင်နေထိုင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ 



ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ အပြင်လူတွေဝင်ထွက်သွားလာနေတာမျိုးမဟုတ်ဘဲ သတ်မှတ်စည်းကမ်းချက်နဲ့အညီ ဝန်ထမ်းတွေသာ သွားလာခြင်းဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။ 

“ အမှန်က သူတို့ပြောနေသလို ဟိုတယ်နောက်ဘက်မှာ လူဝင်ထွက်သွားလာလို့ရတဲ့ အပေါက်မရှိပါဘူး။ ဟိုတယ်ရဲ့ ဘေးဘက်ခြမ်းမှာတော့ အပေါက်ပေါက်ထားတယ်။ အဲဒီကနေပြီး ဝန်ထမ်းတွေ စည်ပင်ကားလာလို့ အမှိုက်သိမ်းတာတွေ၊ ဟိုတယ်ကို အစားအစာလာပို့တဲ့ သူတွေတော့ ရှိပါတယ်။ ဒါပေမယ့် အပြင်ကလာတဲ့သူတွေကိုတော့ အထဲကို ဝင်တာမဟုတ်ဘဲ အဲဒီအပေါက်နားမှာပဲ ပစ္စည်းကိုထားခဲ့ခိုင်းတဲ့သဘောပါ။ ဟိုတယ်ရဲ့ အဝင်အထွက်စာရင်းတွေနဲ့ ပတ်သက်ပြီး ထွေ/အုပ်အဖွဲ့နဲ့ လုံခြုံရေးအမြဲတမ်းရှိပါတယ်” လို့ ဦးတင်ထွန်းနိုင်ကပြောပါတယ်။ 

ဘိုဘိုမင်းဟိုတယ်မှာ အိန္ဒိယကနေ နိုင်ငံတော်အစီအစဉ်နဲ့ ပြန်ခေါ်လာတဲ့သူတွေထဲက (၆၂)ဦးကိုQuarantine ထားရှိထားတာပါ။

ကွာရန်တင်းဝင်နေတဲ့ အိန္ဒိယပြန် (၆၂)ဦးထဲကနေ လူနာနံပါတ် (၂၀၃)ကနေ (၂၀၆)ထိ ပိုးတွေ့လူနာ (၄)ဦးတွေ့ရှိထားတာဖြစ်ပါတယ်။ 

ဟိုတယ်ကို အသွားအလာကန့်သတ်ထားပေမယ့် လူအဝင်ထွက်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးအနီးပတ်ဝန်းကျင်နေထိုင်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ Quarantine ဝင်ရောက်နေတဲ့ သူတွေထဲက အသွားအလာလုံးဝမရှိသလို သူတို့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း စနစ်တကျဆောင်ရွက်ထားပါတယ်လို့ ဦးတင်ထွန်းနိုင်ကပြောပါတယ်။ 

COVID 19 ဖြစ်ပွားစဉ်ကာလအတွင် အိန္ဒိယနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရရဲ့အစီအစဉ်နဲ့ တတိယအသုတ်ထိခေါ်ဆောင်ထားပြီး လူဦးရေစုစုပေါင်း ၂၉၈ဦးရှိပါတယ်။ မေလ ၂၈ရက် နံနက်ပိုင်းအထိ အိန္ဒိယကပြန်လာသူ ၂၉၈ဦးမှာ ပိုးတွေ့လူနာ (၄)ဦးအထိရှိနေပြီဖြစ်ပါတယ်။










ဆက်စပ်အကြောင်းအရာများ



က္က