ငါးနှစ်မှာမှတစ်ရက်အချိန်ပေးရတဲ့တာဝန်ကိုကျေပွန်အောင်နိုင်ငံသားတိုင်းက လုပ်ဖို့လိုပါတယ်တယ်လို့လည်း အတိုင်ပင်ခံက ပြောခဲ့ပါသေးတယ်။

လူတို့ရဲ့သက်တမ်းကို နှစ်၈၀နဲ့ တွက်ရင်တောင် ဆန္ဒမဲပေးပိုင်ခွင့် အလွန်ဆုံး ၁၂ကြိမ်သာရှိတဲ့အတွက် ဒီအခွင့်အရေးကို အသုံးချကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အွန်လိုင်းဆွေးနွေးပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

“ကျွန်မတွက်တယ် ။ လူတစ်ယောက်ရဲ့ ဘဝမှာ အသက်၁၈နှစ်ကနေစပြီး မဲပေးမယ် ။ ရွေးကောက်ပွဲကို ၅နှစ် တစ်ကြိမ်လုပ်မယ်ဆိုရင် အသက်၈၀အထိ နေရင်တောင်မှ ၁၂ကြိမ်ပဲ မဲပေးပိုင်ခွင့်ရှိပါတယ် ။ အဲဒီတော့ စဉ်းစားလိုက်မယ်ဆိုရင် အသက်၈၀အတွင်းမှာ ၁၂ရက်ပဲ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက်၊ ကိုယ့်နိုင်ငံရဲ့ တိုးတက်မှုအတွက် ရွေးကောက်ပွဲအရလုပ်ပိုင်ခွင့်အရ ၁၂ကြိမ်ပဲ။ ဒီ၁၂ကြိမ်မှာ ၁၂ရက် လေးကို အသုံးချစေချင်တယ် ။ အကောင်းဆုံးအသုံးချနိုင်အောင်လည်း ကျွန်မတို့အစိုးရက ကူညီပေးဖို့ ၊ အခြေအနေတွေ စီစဉ်ပေးဖို့ တာဝန်ရှိပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။ 



COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကာလမှာ ရွေးကောက်ပွဲ ကျင်းပအောင်မြင်ခဲ့တဲ့ စင်္ကာပူ ၊ ကိုရီးယားနိုင်ငံတွေလိုပဲ ရွေးကောက်ပွဲအောင်မြင်ဖို့ဆိုတာ ငွေကြေးချမ်းသာကြွယ်ဝမှုအပေါ် အခြေမတည်ဘဲ မြန်မာနိုင်ငံသားတို့ရဲ့ တာဝန် ၊ စည်းကမ်း ၊ သစ္စာတရားများနဲ့ ပြသချင်တယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။ 

(ဓာတ်ပုံ- သြဂုတ်လ ၅ရက်နေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး အွန်လိုင်းဆွေးနွေးပွဲ)

“ အခု မြန်မာနိုင်ငံမှာ အခုထိက ကိုဗစ်ကို ထိန်းချုပ်နိုင်တယ်။ ဆက်ပြီးတော့လည်း ဘယ်လောက်ခရီးရှည်ဦးမလဲ မသိဘူး ။ အဲဒီကြားထဲ ရွေးကောက်ပွဲက ပါလာတော့ ကျွန်မကတော့ ပြည်သူပြည်သားတွေရဲ့အခွင့်အရေးနဲ့ တာဝန်အရရော ၊ ကျွန်မတို့နိုင်ငံရဲ့သိက္ခာအရရော ဒီရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျန်းမာရေးအရရော လုံလုံခြုံခြုံကျင်းပနိုင်တယ်ဆိုတာ ပြချင်တယ် ။ ကျွန်မတို့ရဲ့ တာဝန်သိမှု ၊ ကျွန်မတို့ရဲ့ စည်းကမ်းထိန်းသိမ်းမှု ၊ ကျွန်မတို့ရဲ့ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိမှု ဒီအပေါ်မှာ အခြေခံပြီး အောင်မြင်အောင် လုပ်သွားနိုင်တယ်ဆိုတာ ပြချင်ပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။ 

ဒါ့အပြင် နိုင်ငံသားတွေအနေနဲ့ မဲမပေးဘဲ စနစ်ကိုအကြောင်းပြနေခြင်းက တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထောက်ပြပြောဆိုခဲ့ပါသေးတယ်။

“ ကိုယ့်နိုင်ငံအတွက် တာဝန်ယူချင်တဲ့စိတ်က လူတိုင်းလူတိုင်းမှာရှိရမယ် ။ ကိုယ်ကြိုက်သလိုမဲပေးရမယ်။ ဒါပေမယ့် မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူး ၊ ဟိုဟာမကြိုက်ဘူးတို့ ဒီဟာမကြိုက်ဘူးတို့ပြောတာ အင်မတန်တာဝန်မဲ့တာပဲ ။ ငါးနှစ်မှာမှ တစ်ရက်အချိန်ပေးရတဲ့ တာဝန်ကို ကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးက လုပ်ဖို့လိုပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။ 

ဒါကြောင့် ပြည်သူလူထုရဲ့အခွင့်အရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ် ။ 

ဒီနေ့ သြဂုတ်လ ၅ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်တို့က COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကာလတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနဲ့စပ်လျဉ်းပြီး အွန်လိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။

Share

Loading Next Article...
က္က