ပွဲစားနဲ့ ဖောင်ဦးစီးကို ဖမ်းဆီးရမိရေးလုပ်ဆောင်နေပါတယ်။

ပန်းဆိုးတန်းခုံးတံတားပေါ်မှာ ပွဲစားက တစ်ဆင့် ရောင်းစားခံခဲ့ရပြီး ကျားဖောင်လို့ခေါ်တဲ့ ပင်လယ် ငါးဖမ်းဖောင်တွေပေါ်မှာ နှိပ်စက်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားရဲ့ အမှုမှာ ဆက်စပ်ပတ်သက်သူ (၇) ယောက်ရှိပြီး လက်ရှိတော့ (၂) ယောက်ကို ဖမ်းမိထားတယ်လို့ ကျောက်တံတားမြို့မရဲစခန်းကနေ သိရပါတယ်။

“ ဖမ်းမိထားတဲ့ (၂) ယောက်က ပူးပေါင်းပါဝင်သူတွေပါ။ အဓိက တရားခံတွေတော့မဟုတ်သေးဘူး။ ကျန်တဲ့သူတွေကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်” လို့ ကျောက်တံတားမြို့မရဲစခန်းမှ ဒုရဲမှူး ပိုထွန်းက Duwun ကိုပြောပါတယ်။

ဒဂုံတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား မောင်မြတ်သူရထွန်းကို ဖောင်ပေါ်မှာ နှိပ်စက်ခဲ့တဲ့ကျားဖောင်ဦးစီး၊ သူ့ကို ရောင်းစားခဲ့တဲ့ ပွဲစားနှစ်ဦးအပါအဝင်အမှုမှာ ပါဝင်သူတွေကို လူကုန်ကူးမှုနဲ့ ကျောက်တံတား ရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။

မောင်မြတ်သူရထွန်းရဲ့ ပြောပြချက်အရ ကျားဖာင်ပေါ်မှာ သူနဲ့ အတူတူ သူငယ်ချင်းဖြစ်သူ ညီသွေးဆိုသူမှာလည်း ပွဲစားက ရောင်းစားခြင်းကို ခံခဲ့ရပြီး အခုလက်ရှိ ကျားဖောင်ပေါ်မှာနှိပ်စက်ခံနေရတယ်လို့ သိရပါတယ်။

“ ပွဲစားကနေ ကျွန်တော်တို့ကို ဒီအလုပ်လုပ်ပြီး ပြန်လာရင် ငွေသိန်းလေးငါးဆယ်ရမယ်ဆိုပြီး ပြောလို့ ငါးဖမ်းဖောင်တွေပေါ်ကို ရောက်သွားခဲ့ပါတယ်။ ဖောင်ပေါ်မှာ ဖောင်ဦးစီးတွေက ရေလုပ်သားတွေကို သတ်ပြီး ပင်လယ်ထဲကို မျှောချပြီး သူ့ဘာသူ ခုန်ချလိုက်တာလို့ ပြောတာတွေကို ကျွန်တော်တို့မြင်ခဲ့ရတယ်။ အခုဖောင်ပေါ်မှာ ကျွန်တော့်သူငယ်ချင်းလဲ နှိပ်စက်ခံနေရတယ်။ အမြန်ကယ်ပေးကြပါ” လို့ မောင်မြတ်သူရထွန်းက ငိုယိုပြီး ပြောပါတယ်။

မောင်မြတ်သူရထွန်းမှာ ဖောင်ပေါ်မှာ ငါး၊ပုဇွန်အရိုးစူးတာကြောင့်လက်နဲ့ ခြေထောက်မှာ ဒဏ်ရာတွေရခဲ့ပြီးဖောင်ဦးစီးတွေက ထွန်ခြစ်နဲ့ အချက် (၂၀) နီးပါး ရိုက်ခဲ့တာကြောင့် လက်ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခြေထောက်နဲ့ ကန်ခံရမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေရခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ မောင်မြတ်သူရထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုသော်ဇင်က ပြောပြပါတယ်။

မောင်မြတ်သူရထွန်းမှာ ဒဂုံတက္ကသိုလ်မှာ သမိုင်းဘာသာရပ်နဲ့ စတုတ္ထနှစ်အောင်မြင်ထားသူဖြစ်ပြီး မကြာခင် ဘွဲ့ယူရမည့် ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ပစ္စည်းဝယ်ရန် နေအိမ်ကနေ ထွက်လာခဲ့ရာ ပန်းဆိုးတန်းခုံးတံတားပေါ်မှာ အမျိုးသမီး (၂) ဦးကနေ ငါးဖမ်းဖောင်ပေါ်မှာ အလုပ်လုပ်ကိုင်ပါက ပြန်လာရင် ငွေသိန်း လေးငါးဆယ်ရမယ်လို့ ပြောဆိုခဲ့တာကြောင့် လိုက်ပါသွားခဲ့တာပါ။

ဒလဘက်ခြင်းကို ရောက်စဉ် အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်ဆိုဖို့ ပြောဆိုရာမှာ အမျိုးသားတစ်ဦးကနေ မောင်မြတ်သူရထွန်းကို တို့ဆေးနဲ့ ဇက်ပိုးအုပ်လိုက်ပြီးနောက် လက်မှတ်ရေးထိုးပေးခဲ့ပြီးနောက် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာအုပ်စု ကဗြက်ကျေးရွာရှိ သင်ဇာထွန်း ပင်လယ်ငါးဖမ်းဖောင်တွေပေါ်ရောက်ရှိသွားခဲ့ပါတယ်။

ဖောင်ပေါ်မှာ ၄၅ ရက်ကြာ အလုပ်လုပ်ကိုင်ခဲ့ရပြီး မိသားစုဝင်တွေရဲ့ ရှာဖွေမှုကြောင့် နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ရှိခဲ့ပြီးအကိုဖြစ်သူက ငါးဖမ်းလုပ်ငန်းဒိုင်ကနေ ငွေကျပ် (၇)သိန်းနဲ့ ပြန်လည်ရွေးခဲ့ရကာ နေအိမ်ကို ခေါ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က