မှောင်ခိုအနေနဲ့ သွားခဲ့တာလား၊အမှန်တကယ် လူကုန်ကူးခံခဲ့ရတာလား စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြန်ပို့လာသူတွေကို လူကုန်ကူးမှု ဖြစ်စဉ်အမှတ်တကယ်ဟုတ်မဟုတ်၊လူမှောင်ခိုအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာလားဆိုတာကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ နဲ့ သေချာပြန်စစ်ဆေးသွားမယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရသူ ၇၅ဦးကို ဒီကနေ့မှာ မြန်မာနိုင်ငံကို မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေး တံတားကတဆင့် ပြန်လွှဲပေးခဲ့တယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwun ကို ပြောပါတယ်။ ပြန်လွှဲပေးသူတွေကိုတော့ အမှတ်တကယ် လူကုန်ကူးခံရသူတွေလား မှောင်ခိုအနေနဲ့ ရောက်သွားသူတွေလား ဆိုတာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။



“အစိုးရအချင်းချင်းချိတ်ဆက်ပြီး ဒီဘက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ပြန်လွှဲပေးတာပါ။အကူးခံရသူ ဟုတ်မဟုတ်ကတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့နဲ့ ပြန်စစ်မှာပါ။ အကြောင်းကတော့ အရင်ကတည်းက လူကုန်ကူးခေါင်းစဉ်နဲ့ ပြန်လွှဲပေးတာရှိပေမယ့် နောက်ပြန်စစ်တဲ့အခါ လူမှောင်ခို အနေနဲ့ သွားတာလို့သိရတာကြောင့် ဒါကို ဟုတ်မဟုတ်ပြန်စစ်မှာပါ။”လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်က ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လူမှောင်ခိုအနေနဲ့ သွားပြီး ထိုင်းကတဆင့် မလေးရှားဘက်ကို သွားမယ့်သူတွေကိုစိစစ် ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်ပို့ဆောင်ပေးတာမျိုးရှိနေတယ်လို့လည်းသိရပါတယ်။ အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ထိုင်းနိုင်ငံမှာ ထိန်းသိမ်းစောင့်ရှောက်ထားပြီးမှ သက်ဆိုင်ရာနိုင်ငံတွေကို လူကုန်ကူးခေါင်းစဉ်နဲ့ ပြန်လည်လွှဲပြောင်းပေးတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဥပဒေတစ်ခုတည်းရှိတာကြောင့် ဒီအပေါ်မှာ ပြန်လည်ညှိနှိူင်းနေတယ်လို့လည်း သိရပါတယ်။

 လူကုန်ကူးမှု ဖြစ်စဉ်တိုင်းမှာ လူမှောင်ခိုနဲ့ လူကုန်ကူး နှစ်ပိုင်းရှိနေပြီး လူမှောင်ခိုအနေနဲ့ သွားပြီးမှ လူကုန်ကူး ခံရတာလားဆိုတာ ပြန်လည်စစ်ဆေးမေးမြန်းဖော်ထုတ်ပြီး မနစ်နာရအောင် စစ်ဆေးသွားဖို့ရှိနေတယ်လို့လည်း ဦးတေဇာအောင်က ဆက်လက်ပြောပါတယ်။

“ကျွန်တော်တို့က လူကုန်ကူးခံရရင် ဥပဒေတစ်မျိုး၊လူမှောင်ခိုဆိုရင် ဥပဒေတစ်မျိုး။နိုင်ငံတကာမှာတော့ တစ်ပေါင်း တည်းရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့က လူကုန်ကူးခံရရင် သူတို့ကို ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီး၊ ပိုင်ဆိုင်မှု တွေကို ဘဏ္ဍာ သိမ်းပြီး နစ်နာသူတွေကို ပြန်ပေးတာမျိုး လုပ်လို့ရမယ်။ ဒါပေမယ့် တစ်ဖက်မှာဘာရှိလဲဆိုတော့ လူ ကုန်ကူးမှု ဖြစ်စဉ်တွေမှာ အရေးယူရင် ကျူးလွန်တဲ့ နိုင်ငံကို အရေးယူတာမတွေ့ရပဲ ကျူးလွန်ခံရတဲ့နိုင်ငံကို အရေး ယူတာမျိုး နိုင်ငံနဲ့အဝှမ်းဖြစ်နေတယ်။ လူကုန်ကူးမှု ဖြစ်စဉ်တွေ မဖြစ်ရအောင် တားဆီးနှိမ်နင်းနေပါတယ်။လူမှောင်ခို ကနေ တရားမဝင်နေရင်း အခွင့်အရေးတွေ ဆုံးရှုံးပြီးလူကုန်ကူးခံရတာမျိုးမှာ သူတို့ကို လူမှောင်ခိုအနေနဲ့ပဲ ပြန်ပြီး ဖော်ထုတ်လိုက်မယ်ဆိုရင် လူကုန်ကူးခံရသူက နစ်နာခံရတာမျိုးတွေ ရှိတာပေါ့။ ဒီအပေါ်မှာ လူကုန်ကူးခံရတဲ့ဖြစ်စဉ် မျိုး အထိ ဖော်ထုတ်နိုင်အောင် လုပ်ပေးသင့်တာပေါ့။” လို့ ဦးတေဇာအောင်က ဆက်လက်ပြောပါတယ်။ 

လက်ရှိမှာတော့ လူကုန်ကူးခံရသူတွေအဖြစ် ပြန်ရောက်လာသူ ၇၅ဦးကို မြဝတီမှာရှိတဲ့ MOU ကွာရန် တင်းစခန်းမှာ သီးသန့်ထားရှိထားပြီး ကိုဗစ်ရောဂါပိုးလည်း စစ်ဆေးသွားမယ်လို့သိရပါတယ်။  ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ မတ်လ (၂၃)ရက်နေ့ကနေ ဇွန်လ (၂၉)ရက်နေ့ မနက်ပိုင်းထိ ရောဂါပိုးတွေ့လူနာ (၂၉၉)ဦးထဲမှာ (၂၀၉)ဦးကတော့ ရန်ကုန်တိုင်းအတွင်းမှာရှိနေခဲ့တာပါ။ 

အခုဆိုရင်တော့ ရန်ကုန်မြို့တွင်း Covid -19 ရောဂါပိုးတွေ့ရှိသူလူဦးရေဟာ (၃၂ ) ဦးသာ ကျန်ရှိပါတော့တယ်။ အဆိုပါ ပိုးတွေ့လူနာ (၃၂)ဦးဟာ ကွာရန်တင်းထားတဲ့ ပြည်ပက ပြန်လည်ရောက်ရှိလာသူများ ဖြစ်တာကြောင့် ရန်ကုန်မှာ ပြည်တွင်းကူးစက်ခံရသူလူနာအားလုံးဟာ ရောဂါပိုးကင်းစင်သွားခဲ့ပြီလို့ ပြောနိုင်ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က