အသိပညာပေးလုပ်ငန်းပြီးရင် အရေးယူမှာပါ။
Mi Thawdar Aung

ရန်ကုန်မြို့မှာ လူကူးခုံးကျော်တံတားတွေ တည်ဆောက်ပေးထားတဲ့ နေရာတွေမှာ ခုံးတံတားပေါ်ကနေ မကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို သတ်မှတ်ကာလရောက်ရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။


ဒီကနေ့ ဇူလိုင် ၈ ရက် က ရန်ကုန်တိုင်းလွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြေက်နေ့မှာ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက လူကူးခုံးကျော်တံတားတွေကနေ မကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ပညာပေးလုပ်ငန်းတွေ၊ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အစီအစဉ် ရှိ၊မရှိ မေးမြန်းရာမှာ ဝန်ကြီးက ဖြေကြားခဲ့တာပါ။

ရန်ကုန်မြို့ပေါ်မှာ လူကူးခုံးကျော်တံတား (၁၄) ခုရှိပြီး လူစည်ကားရာနေရာဖြစ်တဲ့ ကျောက်တံတား၊ အနော်ရထာ- ဆူးလေ လူကူးခုံးကျော်တံတား၊ ကမ်းနား-ပန်းဆိုးတန်း လူကူးခုံကျော်တံတား၊ လသာမြို့နယ် ၊ အနော်ရထာ-ရွှေတိဂုံဘုရားလမ်း လူကူးခုံးကျော်တံတားတွေမှာ စည်းကမ်းမဲ့ လမ်းပေါ်က လမ်းဖြတ်ကူးတာတွေ ရှိနေပါတယ်။

စည်းကမ်းမဲ့လမ်းဖြတ်ကူးမှုတွေကြောင့် ယာဉ်မတော်တဆဖြစ်ခြင်းတို့က ကင်းဝေးစေဖို့ မေလ ၇ ရက်နေ့က စပြီး ယာဉ်ထိမ်းရဲတပ်ဖွဲ့တွေက နေ့စဉ် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ (၄၀၂၉) ဦး၊ အနှေးယာဉ်စီးနင်းသူ (၂၀၄) ဦးတို့ကို အသိပညာပေးတာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဝန်ကြီး ဒေါ်နီလာကျော်က ဆိုပါတယ်။

ါ့အပြင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းမရှိစေရန် လက်ကိုင်စပီကာတွေနဲ့ အများပြည်သူတွေကို လူကူးခုံးကျော်တံတားတွေကနေ ကူးဖို့ အသိပေးတာတွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ တာဝန်ချထားပြီး နေ့စဉ်ပညာပေးဆောင်ရွက်တာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို လတ်တလော အရေးယူဆောင်ရွက်တာမရှိသေးဘဲ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး၊ သတ်မှတ်ကာလတစ်ခုရောက်ပါက သတ်မှတ်ထားတဲ့ အတိုင်း အရေးယူသွားမယ်လို့ ဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မော်တော်ယာဉ်နည်းဥပဒေ ပုဒ်မ ၁၇၈ အရ ခြေလျင် လျှောက်သူသည် လမ်းဖြတ်ကူးလိုပါက သတ်မှတ်ထားတဲ့ လမ်းကျော်တံတားမျဉ်းကျား၊ မြေအောက်လမ်း (သို့) ခွင့်ပြုထားတဲ့ နေရာစသည်တို့မှ ဖြတ်ကူးရမည်၊ လမ်းပေါ်တွင် ကျွန်းရှိလျှင် ၎င်းကျွန်းပေါ်တွင် တစ်ထောက်နားပြီး ယာဉ်သွားမှုရှင်းမှ ဆက်လက်ဖြတ်ကူးရမည်ဆိုပြီး ဖော်ပြထားတယ်လို့ိ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က