ရောဂါကူးစက်မှာကိုစိုးရိမ်ကြပေမယ့် စားဝတ်နေရေးကိုတောင့်မခံနိုင်သူတွေကတော့အပြင်ထွက်နေကြရပါပြီ။

“ လူတွေ အခုလို ပြန်ထွက်တာ၊ ကားတွေပြန်ရှုပ်တာ၊ စတိုးဆိုင်တွေ ပြန်စည်ကားနေတာတွေက ကျွန်တော်တို့က စိုးရိမ်တယ်။ ရောဂါပိုး ရှိမှန်းမသိ၊ မရှိမှန်းမသိဘဲနဲ့ လူတွေ တရုန်းရုန်းပြန်ဖြစ်နေတာတွေကို ကြောက်တယ်။ အဲဒီအခြေအနေက Second Wave ကို ဖြစ်နိုင်တဲ့အခြေအနေပဲ”

သင်္ကြန်ပြီးကာလနောက်ပိုင်း လမ်းမတွေပေါ်မှာ လူတွေ ပြန်လည်စည်ကားလာတာတွေက COVID-19 ဒုတိယလှိုင်းဖြစ်လာဖို့ အတွက် အခွင့်အရေးများနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဆေးပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက စိုးရိမ်တကြီးနဲ့ပြောလိုက်တာပါ။



Photo- မေလ ၅ ရက် မနက်ပိုင်းက ရန်ကုန်မြို့တွင်း ပြန်လည်သွားလာနေကြသည်ကို မြင်တွေ့ရစဉ်။

မတ်လ ၂၃ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုစတင်ခဲ့ကာ ရောဂါကာကွယ်/ထိန်းချုပ်မှုအတွက် Stay at Home အစီအစဉ်တွေစတင်ခဲ့ပါတယ်။ မတ်လ၂၃ရက်နေ့မှာ ပိုးတွေ့လူနာ နှစ်ဦးနဲ့စတင်ခဲ့တဲ့ COVID-19 ဂယက်ဟာ တစ်လအကြာ ဧပြီလ ၂၃ရက်မှာတော့ ပိုးတွေ့လူနာ ၁၃၉ဦးအထိ မြင့်တက်လာပါတယ်။ အဲဒီကာလတွေမှာတော့ မြန်မာပြည်သူတွေရဲ့စိုးရိမ်မှုရေချိန်က အမြင့်ဆုံးမှာရှိခဲ့ပြီး စည်းကမ်းလိုက်နာမှုလည်းကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဧပြီလနောက်ဆုံးအပတ်နဲ့ မေလပထမအပတ်အတွင်းမှာတော့ ပိုးတွေ့လူနာတွေ့ရှိမှုရက်အနည်းငယ်ကျဲလာတာနဲ့အမျှ လူတွေရဲ့စိုးရိမ်မှုလျော့ကျလာပြီး လမ်းပေါ်ကို တစတစနဲ့စမ်းထွက်လာကြပါတယ်။

 COVID-19 Positive လူနာတွေများလာတာက ကြောက်စရာကောင်းတာမဟုတ်ဘဲ ရောဂါပိုးရှိမှန်းမသိဘဲနဲ့ လူတွေကြားထဲ သွားလာလှုပ်ရှားမှုတွေ၊ ကူးလူးဆက်ဆံမှုတွေ ရှိလာတဲ့အခြေအနေက ပိုပြီးကြောက်စရာကောင်းတယ်လို့လည်း ဒေါက်တာမော်မော်ဦးက သုံးသပ်ပါတယ်။

“ ရောဂါပိုးရှိမှန်းအရင်သိဖို့လိုတယ်။ ဒါဆို စောင့်ကြည့်ရတဲ့အနေအထားမှာ ရှိသွားပြီ။ ဒါဆို သိပ်ပြီး ပြဿနာမရှိဘူး။ ဒါပေမယ့် ရောဂါပိုးရှိမှန်းမသိ မရှိမှန်းမသိတဲ့လူတွေ လျှောက်သွားပြီးတော့ ကူးလူးဆက်ဆံ ပြောဆိုနေတဲ့အခြေအနေတွေက ပိုပြီးကြောက်စရာကောင်းတယ်။"

လက်ရှိတစ်နိုင်ငံလုံးရောဂါကူးစက်မှုရဲ့ ၇၉ရာခိုင်နှုန်းအထိရှိနေတဲ့ ရန်ကုန်မြို့မှာဆိုရင် အခုဆို စက်ရုံအလုပ်ရုံ၊ ကုမ္ပဏီတွေနဲ့ ရုံးအချို့၊ ရှော့ပင်းစင်တာအချို့ ပြန်လည်ဖွင့်လှစ်လာကြသလို မြို့တွင်းမှာ အသွားအလာတွေ ပြန်ရှိနေတာကိုလည်းတွေ့ရပါတယ်။ တစ်လတာ Stay at Home ကာလအတွင်းမှာ အလုပ်လက်မဲ့ဦးရေ ခြောက်သောင်းကျော်ရှိတယ်လို့ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ ဒီလို အလုပ်ရှားပါးလာတာကြောင့်စားဝတ်နေရေးကျပ်တည်းလာတာကလည်း လမ်းပေါ်ကိုလူတွေ ပြန်ရောက်လာစေတဲ့ အကြောင်းအရင်းတစ်ချက်အဖြစ်ပါဝင်ပါတယ်။

Photo- ဧပြီလ ၂၀ ရက်က လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခု ပြန်လည်ဖွင့်လှစ်ခဲ့သည်ကိုမြင်တွေ့ရစဉ်။

" ဧပြီလ တစ်လလုံးမှာ လုပ်ငန်းတော်တော်များက ပိတ်ထားတယ်။ အလုပ်ခေါ်စာတွေလည်း မရှိဘူး။ အခုမေလထဲရောက်တော့ အလုပ်ခေါ်တာလေးများရှိမလားလို့ သွားစုံစမ်းကြည့်မလို့ပါ" လို့ ကုမ္ပဏီယာဉ်မောင်းတစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး COVID-19 ကြောင့်အလုပ်လက်မဲ့ဖြစ်သွားရသူ ကိုစိုင်းထူးလင်းက Duwun ကိုပြောပါတယ်။

တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်မိုးဦးကလည်း “ သင်္ကြန်ပိတ်ရက်ပြီးတဲ့နောက် စားဝတ်နေရေးအတွက်ကတော့ မဖြစ်မနေအပြင်ပြန်ထွက်ရတာပါပဲ။ ရောဂါကိုလည်း စိုးရိမ်ပေမယ့် တစ်ဖက်မှာလည်း စားဖို့က ပူပန်ရသေးတယ်လေ။ ကျွန်တော်ကတော့ အပြင်ထွက်ရင် Hand Gel နဲ့လက်ဆေးတယ်။ Mask အုပ်တယ်။ ဒီလောက်ပဲ ကာကွယ်နိုင်ပါတယ်” လို့ အခုလို ပြောပြပါတယ်။

ဒီလို အခြေအနေမှာ လက်မှန်မှန်ဆေးဖို့၊ Mask တပ်ဖို့ စတဲ့ကျန်းမာရေးအသိပညာပေးချက်တွေကို လိုက်နာနိုင်ပေမယ့် တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေဖို့ (Social Distancing) စနစ်ကို ကျင့်သုံးဖို့ကတော့ အခက်အခဲတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ COVID-19 ရောဂါဟာ ၁၄ ရက်ကနေ ၂၈ ရက်အတွင်း တောက်လျှောက် ပိုးမတွေ့ခဲ့ဘူးဆိုရင်တော့ စိတ်ချရတဲ့အနေအထားလို့သတ်မှတ်နိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်းဒီနေ့အထိ COVID-19 ရောဂါပိုးတွေ့လူနာ ၆၃,၈၃ဦးအထိရှိနေတဲ့ မလေးရှားနိုင်ငံမှာ မတ်လ ၈ရက်ကနေ မတ်လ ၂၀ရက်အထိ ၁၃ရက်ဆက်တိုက် ပိုးတွေ့လူနာလုံးဝမတွေ့ခဲ့ပေမယ့် မတ်လ ၂၁ရက်မှာတော့ တစ်ရက်တည်းနဲ့ပိုးတွေ့လူနာ ၁၅၃ဦးအထိမြင့်တက်ခဲ့ပါတယ်။ ၁၃ရက်ဆက်တိုက် ပိုးမတွေ့တော့တဲ့ အခြေအနေက မလေးရှားပြည်သူတွေနဲ့ အစိုးရကို ပေါ့လျော့စေခဲ့ပြီး ဒီအတွက်ကြောင့်ပဲ မလေးရှားဟာ ပိုးတွေ့လူနာ ခြောက်ထောင်ကျော်အထိကူးစက်ခံရတဲ့အခြေအနေကို ရောက်ခဲ့ရတာပါ။

မလေးရှားနိုင်ငံရဲ့ဖြစ်စဉ်ကို မြန်မာနိုင်ငံအနေနဲ့ ဥပမာယူပြီး ဆင်ခြင်ရမယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက အကြံပြုပြောဆိုပါတယ်။

“ ရောဂါပိုးက ရက်ရှည်ဆက်တိုက် မတွေ့ခဲ့ဘူးဆိုရင်တောင် စိတ်ချရတဲ့အနေအထားမှာမရှိပါဘူး။ အခု မြန်မာနိုင်ငံမှာ တစ်ချို့ရက်တွေမှာ ရောဂါပိုးမတွေ့ဘူးဆိုပေမယ့် ဒါက ပြောလို့မရပါဘူး။ ဒီအချိန်မှာ လူတွေ ပြန်စုလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ကေ့စ်တွေ ပြန်များလာနိုင်တယ်။” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးဖြစ်ပွားမှုက မေလ ၅ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားသူ ၁၆၁ ဦး၊ ရောဂါပိုးကင်းစင်သူ ၄၉ ဦးနဲ့ သေဆုံးသူ ၆ ဦးအထိ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ကူးစက်မှုအခြေအနေက အာဆီယံဒေသတွင်းနိုင်ငံတွေမှာ အဆင့်(၇)မှာသာရှိပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား အစရှိတဲ့နိုင်ငံတွေထက် လျော့နည်းပါတယ်။ စင်ကာပူအခြေစိုက် ဓာတ်ခွဲခန်းတစ်ခုရရဲ့ အချက်အလက်အခြေခံတွက်ချက်မှုအရလည်း မေလ ၁၂ရက်မှာ COVID-19 ကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအချက်အလက်တွေအရတော့ ဒါက မြန်မာပြည်သူတွေအတွက် သတင်းကောင်းလို့ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း စားဝတ်နေရေးအတွက် ရေရှည်တောင့်မခံနိုင်သူတွေကတော့ လမ်းပေါ်ကို ပြန်ရောက်နေကြရပါပြီ။ COVID-19 အကူးခံရရင်ဆေးမရှိသေးဘူးဆိုပေမယ့် စားစရာမရှိတဲ့ပြဿနာကို အဖြေရှာဖို့အတွက်လည်း အစိုးရနဲ့ပြည်သူတွေမှာ ဖြေဆေးရှာမတွေ့သေးပါဘူး။ လူတွေပြန်စည်ကားလာတာက ကိုဗစ် ဒုတိယလှိုင်းဖြစ်လာဖို့ကို ဦးတည်နေမယ်ဆိုရင်တောင် မိသားစုရဲ့စားဝတ်နေရေးအပူလှိုင်းက ပိုကြီးနေသူတွေအတွက်ကတော့ အကြောက်တရားကိုဘေးဖယ်ပြီး လောကဓံလှိုင်းထမ်းပိုးအကြားမှာ ရုန်းကန်လှုပ်ရှားနေရဦးမှာပါ။ ဒီတော့ COVID-19 ဒုတိယလှိုင်းဖြစ်မလာစေဖို့နဲ့ စားဝတ်နေရေးအခက်အခဲကို ချိန်ဆပြီးလုပ်ဆောင်ရမယ့် အဖြေတစ်ခုကို အစိုးရရော ပြည်သူပါ ပူးပေါင်းဖန်တီးနိုင်ဖို့အတွက် အရေးပေါ်လိုအပ်နေပါပြီ....


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က