လူအချင်းချင်း လူမှုကွန်ရက်စာမျက်နှာကနေ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံနေကြသူတွေဟာ စိတ်ရောဂါခံစားနေကြရသူတွေ ၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ထိပ်ဆုံးကနေ ပါဝင်နေကြသူတွေ ဖြစ်ပါတယ်။
Thin Nu Swe

Social Media ခေတ်စားနေတဲ့အချိန်မှာ လူတိုင်းဟာ မိုးလင်းမိုးချုပ် အွန်လိုင်းပေါ်မှာသာ အချိန်ကုန်နေကြတာကို တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာကို အကျိုးရှိရှိ အသုံးချနေသူတွေရှိသလို ဆိုရှယ်မီဒီယာပေါ်မှာ အမုန်းစကားတွေ ပြောဆိုနေတတ်တဲ့ ဆဲရေးတိုင်းထွာနေတတ်တဲ့ Fake Account ပိုင်ရှင်တွေလည်း ရှိပါတယ်။

ဆိုရှယ်မီဒီယာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုပုံစံအမျိုးမျိုးရှိကြတယ်လို့ သိရပါတယ်။ တစ်မျိုးကတော့ အွန်လိုင်းပေါ်က ဝေဖန်တိုက်ခိုက်မှုတွေကို မခံစားနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာမျိုးတွေ ရှိသလို ကိုယ့်ရဲ့ ဖြစ်တည်မှုကို လူတွေ လက်သင့်မခံဘဲ လှောင်ပြောင်ကြတဲ့အခါမျိုးတွေမှာ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သိမ်ငယ်စိတ်နဲ့ အဆုံးစီရင်သွားတာမျိုးတွေ ရှိတယ်လို့ ဒေါက်တာ မေမိုးနွယ်က ပြောပါတယ်။

“လူတစ်ယောက် နဲ့ တစ်ယောက် လူမှုကွန်ယက်နေပြီး အနိုင်ကျင့်တယ်၊ ခြိမ်းခြောက်တယ် ၊ Abuse လုပ်ခံရတယ်။ မတရားညှင်းပန်းနှိပ်စက်ခံရတယ် ၊ ခြိမ်းခြောက်ခံရတယ်၊ အဲဒါတွေဟာ သေကြောင်းကြံစည်မှုရဲ့ အဓိက ဖြစ်စဉ်တွေပါ။ နောက်တစ်ခုဆက်စပ်ပြောရရင်တော့ သေကြောင်းကြံစည်မှုရဲ့ အဓိကဖြစ်စဉ်မှာ Gender Identity ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလဲ မသိတာပေါ့။ ကိုယ်ဟာ ယောကျာ်းလေးလား မိန်းကလေးလား ကိုယ့်ကိုယ်ကိုယ် မသိတာ ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လူတွေလက်မခံမှာစိုးတော့ လူတွေမသိအောင် ညာထားတယ်။ ဒါကို လူတွေ သိသွားတဲ့အခါ လှောင်ပြောင်ကြတဲ့အခါမှာ အနှိမ်ခွံရတဲ့ဘဝ ၊ အရှက်ခွဲခံရတဲ့ဘဝကို ရှက်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာမျိုးတွေ ဖြစ်တတ်တယ်။”

နောက်တစ်မျိုးကတော့ လူတွေ သိပ်မသိတဲ့အကြောင်းတရားဖြစ်ပါတယ်။ ဒီလို အမုန်းစကားတွေ ပြောဆိုနေတဲ့ ၊ လူတွေကို လိုက်လံဝေဖန်တိုက်ခိုက်နေသူတွေ ၊ ဆဲရေးတိုင်းထွာနေတဲ့သူတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ဖြစ်ပွားတတ်တယ်လို့ ဒေါက်တာ မေမိုးနွယ် က ဆက်ပြောပါတယ်။

“လူအချင်းချင်း ရိုင်းစိုင်းစွာ ဆက်ဆံခြင်းကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအတွက် စိုးရိမ်စရာအကောင်းဆုံးအရာပါပဲ။ ဒီလို ဆဲဆိုနေကြတယ်ဆိုတာ သူတို့မှာ ကိုယ်ရည်ကိုယ်သွေးမရှိလို့ ဖြစ်တာပါ။ အကောင့်အတုနဲ့ သူပြောရဲတယ်၊ ဆဲရဲတယ် ။ ဒါပေမယ့် သူ့ရဲ့ အကောင့်တုနဲ့ ဆဲနေကြတဲ့သူတွေဟာ ပုံရိပ်အစစ်နဲ့ ပြောဆိုရဲခြင်းမရှိဘူး ။ တကယ်တော့ အဲဒီလူတွေအကုန်လုံးက စိတ်အခြေခံစိတ်ရောဂါဖြစ်နေကြတာပဲ။ အဲဒီသူတွေသည် ကိုယ်ရည်ကိုယ်သွေး ညံ့တယ်။ သူတို့တွေသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့နေရာမှာ ထိပ်ဆုံးကပါဝင်နေတဲ့သူတွေပါ။ သူတို့က သူတို့စိတ်ကျနေတာကို မပြောဘဲ တိတ်တိတ်ကလေးနေပြီး လူတွေကို ပုတ်ခတ်ပြောဆိုတိုက်ခိုက်နေတာတွေက ပိုပြီးတောင် ကြောက်ဖို့ကောင်းပါတယ်။”

ဒီအကြောင်းအရာတွေကိုတော့ ဒီကနေ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ် ဆွေးနွေးကြတဲ့ "World Mental Health Day 2019 Ceremony" ဆွေးနွေးပွဲမှာ ပြောသွားတာပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကိုတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေး လှုပ်ရှားမှုအနေနဲ့ ကမ္ဘာအရပ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ လျော့ပါးသွားအောင် ၊ ဖြစ်မလာအောင်လို့ ပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။


က္က