မိသားစုဝင် ၃ ဦးကိုလည်း ညတွင်းချင်းQuarantine စင်တာပို့ဆောင်
Mi Thawdar Aung

ဒီနေ့ ည ၈ နာရီက ထုတ်ပြန်ခဲ့တဲ့ COVID-19 အတည်ပြုလူနာ အမှတ် ၁၂၀ ဟာ မြန်မာပလာဇာမှာ အလုပ်လုပ်ကိုင်တဲ့ MPT ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က Duwun ကိုပြောပါတယ်။

လူနာဟာ သင်္ကြန်မတိုင်ခင် ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာပလာဇာ MPT Show Room မှာ အလုပ်ဆင်းထားသူဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့မှာတော့ ဖျားနာချောင်းဆိုးခံစားခဲ့ရလို့ တာမွေမြို့နယ်က Fever Clinic မှာ သွားရောက်ပြသခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- ‌‌ကျော်ဇင်မန်း (အတည်ပြုလူနာ အမှတ် ၁၂၀ ရဲ့‌နေအိမ်ရှိရာ ဒဂုံမြို့သစ်အရှေ့ပိုင်း ဖျာပုံလမ်းကို Lock Down လုပ်ထားသည်ကိုတွေ့ရစဥ််)

“ သူက ၁၀ ရက်နေ့က အလုပ်နားသွားတယ်ပြောတယ်။ အဲဒီနေ့ကတည်းက အိမ်ထဲကို အိမ်ပြင်ကို မထွက်ဘူး။ မနေ့ကမှ ဖျားပြီးချောင်းဆိုးပြီး ဆေးခန်းသွားပြတာ။ မသက်သာလို့ ဆေးရုံပို့ စစ်ဆေးလိုက်တာ Positive တွေ့တာပေါ့” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ- ‌‌ကျော်ဇင်မန်း

အဆိုပါ လူနာဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းမှာ နေထိုင်တဲ့သူဖြစ်ပြီး လက်ရှိ အဲဒီနေရာကို လည်း Lock Down ချလိုက်ပြီလို့သိရပါတယ်။ သူနဲ့ ထိတွေ့ခဲ့သူ မိသားစုဝင်တွေ ဖြစ်တဲ့ မိခင်၊ အဘိုးနဲ့ အဘွား စုစုပေါင်း ၃ ဦးကိုလည်း ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ သံလွင်ဆောင် Quarantine စင်တာကို ညတွင်းချင်း ပို့ဆောင်လိုက်ပြီလို့လည်းသိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဧပြီလ ၂၁ ရက်ထုတ်ပြန်ချက်အရ လူနာသစ် (၂) ဦးထပ်တိုးခဲ့ရာမှာ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက တစ်ဦးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ကတစ်ဦးတို့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က